နေပြည်တော် ဇူလိုင် ၂

ဇူလိုင် ၃ ရက်တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီက ကြီးမှူးစီစဉ်သည့် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် သံတမန်ဇုန် မြောက်ဘက် သတ်မှတ်နေရာ များ၌ ကျင်းပသည်။ သစ်ပင်စိုက်ပျိုးပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ အမျိုးသမီးရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်က သတ်မှတ်နေရာ တွင် ကံ့ကော်ပျိုးပင်ကို ဦးဆောင် စိုက်ပျိုးပေးကာ တက်ရောက်လာသူများက ဆီသပြေ၊ မဟော်ဂနီ၊ ယူကလစ်၊ ယမနေနှင့် သပြေစသည့် အရိပ်ရ နှစ်ရှည်ပင် ၁၅၀ အား စုပေါင်းစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ရုံး၌ မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီကကြီးမှူး၍ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်က စီစဉ်သည့် စာတမ်းဖတ်ပွဲသို့ တက်ရောက်သည်။

စာတမ်းဖတ်ပွဲတွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် လူမှုရေးနှင့် ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင် ပါမောက္ခ ဒေါက်တာခင်ဆွေမြင့်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဒေါက်တာခင်ချစ်ချစ်က “မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်ရည်၊ အခွင့်အရေးနှင့် ဥပဒေအရ အကာ အကွယ်ပေးမှု” စာတမ်း၊ ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမျိုးသား ဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဆန်းဆုဆုရည်က “ပုလဲရတုမှ ဒစ်ဂျစ်တယ်ခေတ်ဆီသို့ - AI နည်းပညာနှင့် ဖွံ့ဖြိုးတိုးတက် လာမည့် မြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍ”စာတမ်း ၊ အမှတ်-၁ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မိုးမိုးထွန်းက “လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် လူကုန်ကူးခံရသူများ အထူးသဖြင့် အမျိုးသမီးများအား ဥပဒေနှင့်အညီ အကာအကွယ်ပေးရေး” စာတမ်းတို့ကို ဖတ်ကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်