နေပြည်တော် ဇူလိုင် ၄
အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီဒုတိယဥက္ကဋ္ဌ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတာချာလီသန်းသည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး MSME Agency အဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် MSME တစ်ခုအောင်မြင်ခြင်းသည် မိသားစုတစ်စု၏ ဝင်ငွေတိုးတက်ခြင်း၊ MSME တစ်ထောင်အောင်မြင်ခြင်းသည် မြို့တစ်မြို့၏ စီးပွားရေးရှင်သန်လာခြင်း၊ MSME သောင်းချီ အောင်မြင်ခြင်းသည် နိုင်ငံတော်၏ စီးပွားရေး ပြန်လည်ဦးမော့လာခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် MSME ဖွံ့ဖြိုးတိုးတက်ရေးသည် စီးပွားရေးမူဝါဒ တစ်ရပ်သာမဟုတ်ဘဲ လူသားအရင်းအမြစ်ကိုပါ ဗဟိုပြုသည့် အမျိုးသားဖွံ့ဖြိုးရေးမဟာဗျူဟာ တစ်ရပ်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က MSME ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများ၏ ချမှတ်ထားသည့် မူဝါဒနှင့်လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွား မည့်အခြေအနေတို့ကို ဆွေးနွေးပြောကြားသည်။
လုပ်ငန်းဆိုင်ရာများ မှာကြား
ယင်းနောက် တက်ရောက်လာကြသူများက MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများပြဋ္ဌာန်းထားရှိမှု၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့ကျင့်သင်ကြားပေးရေး၊ စက်မှုလုပ်ငန်းများနှင့် ဒေသတွင်းရှိ တက္ကသိုလ်များ ချိတ်ဆက်ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


