နေပြည်တော် ဇူလိုင် ၄
ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ပြီး တပ်ရင်း/တပ်ဖွဲ့ အသီးသီး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးတာဝန်များကို အမြဲတမ်းစစ်မှု ထမ်းများနှင့်အတူ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၃/၂၀၂၄)မှ နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများသည် သတ်မှတ်စစ်မှုထမ်းကာလအတိုင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ပြည့်မြောက်ခဲ့ပြီဖြစ်သဖြင့် ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်၊ ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ဇူလိုင် ၁ ရက်တွင် တိုင်းစစ်ဌာန ချုပ်အသီးသီး၌ ဂုဏ်ပြုအခမ်းအနားများဖြင့် ချီးမြှင့်အပ်နှင်းခဲ့ပြီး မိသားစုဝင်များထံသို့လည်းကောင်း၊ ၎င်းတို့၏နေရပ်အသီးသီးသို့ လည်းကောင်း ပြန်လည်အပ်နှင်းစေလွှတ်ခဲ့ပြီးဖြစ်သည်။
တာဝန်ကျေပွန်စွာထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှု ထမ်းများအား မိသားစုဝင်များနှင့် ဒေသခံပြည်သူများက ဂုဏ်ပြုပန်းကုံးများ၊ အောင်သပြေခက်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်၍လည်းကောင်း၊ အိုးစည်ဒိုးပတ်များဖြင့်လည်းကောင်း စည်ကား သိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည့် မြင်ကွင်း များ၊ ပြန်လည်ရောက်ရှိလာသည့် ပြည်သူ့စစ်မှုထမ်း များ၏ နိုင်ငံတော်ကပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့မှုအပေါ် ဂုဏ်ယူဝမ်းမြောက်မှု၊ မိသားစုဝင်များနှင့် ပြန်လည်ဆုံစည်းရခြင်းအပေါ် ပျော်ရွှင်ရမှုနှင့် ၎င်းတို့အပေါ် မိသားစုနှင့်ပတ်ဝန်းကျင်ကပါ ဂုဏ်ယူလေးစားစွာ ကြိုဆိုခဲ့မှုအပေါ် ကြည်နူးဂုဏ်ယူရသည့် မြင်ကွင်းများကို လူမှုကွန်ယက် စာမျက်နှာများတွင် တွေ့မြင်ရပါသည်။
အဆိုပါ နိုင်ငံ့သားကောင်းစစ်မှုထမ်းများသည် စစ်မှုထမ်းဆောင်နေစဉ်ကာလအတွင်း နိုင်ငံတော်နှင့် တပ်မတော်ကပေးအပ်လာသော ကာကွယ်ရေးတာဝန်၊ လုံခြုံရေးတာဝန်များနှင့် သဘာဝဘေး အန္တရာယ်များဖြစ်ပွားလာချိန်တွင် ကူညီကယ်ဆယ်ရေးတာဝန်များကို ကိုယ်ကျိုးမဖက်ဘဲ စွန့်လွှတ်အနစ်နာခံကာ အမြဲတမ်းစစ်မှုထမ်းများနှင့်အတူ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသူများဖြစ်သည်။
ထို့ကြောင့် နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့်လည်း ၎င်းတို့စစ်မှုထမ်းဆောင်စဉ် ကာလ တစ်လျှောက်တွင် ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များ၊ လစာ၊ ရိက္ခာနှင့် အခြားထောက်ပံ့မှုများ ရရှိစေရေးအတွက် စနစ်တကျ ဆောင်ရွက်ပေးခဲ့သည့်အပြင် သတ်မှတ်စစ်မှုထမ်းကာလပြီးဆုံးပါက မိမိသဘောဆန္ဒအလျောက် တပ်မတော်တွင် ဆက်လက်အမှုထမ်းဆောင်လိုပါက ထမ်းဆောင်နိုင် ခြင်း၊ ကုမ္ပဏီဝန်ထမ်းဖြစ်ပါက ယခင်အလုပ်အကိုင် သို့မဟုတ် အလားတူ ရာထူးအတိုင်း ပြန်လည် ခန့်အပ်ခံရခြင်းနှင့် နိုင်ငံတော်မှ ပေးအပ်ချီးမြှင့်သည့် ထိုက်သင့်သော အကျိုးခံစားခွင့်များကို ရရှိမည်ဖြစ်သည်။
ထို့ပြင် သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ပြီးသူများအနေဖြင့် အလုပ်အကိုင်ရရှိရေးများနှင့် ပတ်သက်၍လည်း ၎င်းတို့ဆန္ဒရှိပါက သက်ဆိုင်ရာ ဝန်ကြီးဌာနများတွင် ဖွင့်လှစ်လျက်ရှိသော အသက်မွေးဝမ်းကျောင်းသင်တန်းများသို့ တက်ရောက်နိုင်ရေး၊ အစိုးရဝန်ထမ်းအပါအဝင် ပြည်တွင်း/ပြည်ပ ကုမ္ပဏီဝန်ထမ်းအဖြစ် လုပ်ကိုင်နိုင်ရေးနှင့် ၎င်းတို့၏ ရပ်ရွာများ၌ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နိုင်ရေးတို့အတွက် “စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီ” က သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)နှင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများတို့နှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


