ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူးက လာရောက်ဂါရဝပြုတွေ့ဆုံ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေး
နေပြည်တော် ဇူလိုင် ၅
လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ လွန်ပရာဘန်မြို့၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ ယနေ့ နံနက်ပိုင်းတွင် လွန်ပရာဘန် ပြည်နယ်ပါတီကော်မတီအတွင်း ရေးမှူး မစ္စတာ ဘွန်လူအမ် မနိဝုန် က ခေတ္တတည်းခိုရာဟိုတယ်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့်အတူ ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူးနှင့် ဇနီးနှင့် လွန်ပရာဘန်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရင်းရင်းနှီးနှီးဆွေးနွေး
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတနှင့် ဇနီး ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ကို လွန်ပရာဘန်ပြည်နယ် ပြည်သူများက ဝမ်းမြောက်လှိုက်လှဲစွာဖြင့် ကြိုဆိုမှုအခြေအနေများ၊ နိုင်ငံတော် သမ္မတနှင့်ဇနီး ဦးဆောင်သည့် ချစ်ကြည်ရေးခရီးစဉ်မှတစ်ဆင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုများ ယခုထက် ပိုမိုအဆင့်မြှင့်တင်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ လာအိုနိုင်ငံ လွန်ပရာဘန်မြို့နှင့် မြန်မာနိုင်ငံ ပုဂံမြို့တို့သည် ညီအစ်မမြို့(Sister City)များဖြစ်ကြပြီး လွန်ပရာဘန်မြို့နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့၊ မန္တလေးမြို၊ ပုဂံနှင့်ကျိုင်းတုံမြို့တို့အကြား ခရီးသွားကဏ္ဍနှင့် ကူးလူးဆက်ဆံမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက် သွားမည်ဆိုပါက နှစ်နိုင်ငံခရီးသွား ကဏ္ဍအတွက် များစွာအကျိုးဖြစ်စေမည့် အခြေအနေများနှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် လာအိုရိုးရာဆုတောင်းပွဲ အခမ်းအနား (ဘာစီပွဲတော်)သို့ တက်ရောက်ပြီး နိုင်ငံတော်သမ္မတနှင့် လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီအတွင်း ရေးမှူးတို့က မင်္ဂလာဆီမီးများ ထွန်းညှိပူဇော်၍ လာအိုရိုးရာအစဉ်အလာဖြင့် ဆုမွန်ကောင်း များတောင်းကြကာ လွန်ပရာဘန် ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူးနှင့် ဇနီးနှင့် လွန်ပရာဘန် ပြည်နယ် အစိုးရအဖွဲ့ဝင်များက နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ၏ လက်များ၌ ဘာစီရိုးရာမင်္ဂလာ ကြိုးဖြူ(Sai Sin) ဖြင့်ချည်နှောင်၍ ဆုတောင်း ပေးကြသည်။
နှုတ်ခွန်းဆက်စကားပြောကြား
ထို့နောက် နိုင်ငံတော်သမ္မတ နှင့် ဇနီးတို့သည် လွန်ပရာဘန် ပြည်နယ် ပါတီကော်မတီအတွင်း ရေးမှူးနှင့် ဇနီးတို့က တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာ စားပွဲသို့ တက်ရောက်ကြသည်။ ဂုဏ်ပြုနေ့လယ်စာ မသုံးဆောင်မီ လွန်ပရာဘန်ပြည်နယ် ပါတီ ကော်မတီ အတွင်းရေးမှူးက ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားပြီး နိုင်ငံတော်သမ္မတ က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ နှင့်ဇနီးတို့သည် လွန်ပရာဘန် ပြည်နယ်ပါတီကော်မတီအတွင်း ရေးမှူးနှင့် ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ကြ သည်။
ဖျော်ဖြေတင်ဆက်
ဂုဏ်ပြုနေ့လယ်စာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း လွန်ပရာဘန်ပြည်နယ် ယဉ်ကျေးမှု အဖွဲ့က လာအိုရိုးရာ တေးသီချင်းများနှင့် သီဆို၊ တီးမှုတ်၊ ကပြဖျော်ဖြေတင်ဆက်ကြသည်။
ဂုဏ်ပြုနေ့လယ်စာ သုံးဆောင် အပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် လွန်ပရာဘန် ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူးနှင့် ဇနီးနှင့် အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


