ငါးကြီးဆီသည် အိုမီဂါ-သရီးကိုထုတ်ပေးပြီး ဦးနှောက်အတွက် အကျိုးပြုသည်ဟု ယခင်က ယုံကြည်ထားခဲ့ကြသည်။ သို့သော် ယခုလေ့လာမှုအသစ်တစ်ခုအရ ငါးကြီးဆီ၏ အကျိုးပြုမှုမှာ အယ်ဇိုင်းမားရောဂါ ကာကွယ်နိုင်သည်အထိ မလုံလောက်ဟုဆိုသည်။

ဆေးပညာလောကတွင် နာမည်ကြီးသော  ကာလီဖိုးနီးယားတောင်ပိုင်းတက္ကသိုလ် ဆေးဝါးဌာနမှ သုတေသီများက ငါးကြီးဆီများများစားသုံးခြင်းဖြင့် အိုမီဂါ-သရီး ဖက်တီးအက်စစ်တို့ ဦးနှောက်ထဲတွင် ပိုမိုများပြားလာသော်လည်း ယင်းမှာ မှတ်ဉာဏ်ကို တိုးတက်စေခြင်းမရှိသလို အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးနိုင်သည်အထိလည်း မစွမ်းဆောင်နိုင်ကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ဒါက အယ်လ်ဇိုင်းမားရောဂါကို   ကာကွယ်ဖို့  ငွေကျည်ဆန်တစ်ခုလိုမျိုး ကျွန်တော်တို့ အများကြီးမျှော်လင့်ခဲ့တာ။ ဒါပေမဲ့ တကယ်တမ်း ကျွန်တော်တို့တွေ့ရှိမှုက ငါးကြီးဆီဟာ ဦးနှောက်ကို ကာကွယ်မပေးနိုင်ဘူးဆိုတာကို ပြနေတယ်”ဟု ယူအက်စ်စီ၏ ဦးနှောက်ကျန်းမာရေးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဟူစိန်နာဆင် ယာဆင်းက ရှင်းပြခဲ့သည်။ “အိုမီဂါ-သရီးက ဦးနှောက်ရဲ့ အာရုံကြောစနစ်တွေ  တည်ဆောက်ဖို့အတွက်  အထောက်အကူပြုတာကတော့ မှန်ပါတယ်။ ဒါပေမဲ့ အယ်လ်ဇိုင်းမားရောဂါကိုတော့ မကာကွယ်နိုင်ပါဘူး”ဟု သူက ဆက်ပြောပြသည်။

သုတေသီတို့က ငါးစားလေ့မရှိသော အသက် ၃၅ နှစ်မှ ၈၀ အတွင်းရှိသည့် စေတနာ့ဝန်ထမ်း ၃၆၅ ယောက်ကို စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ ထိုသူတို့ကို အိုမီဂါ-သရီး တိုက်ရိုက်တိုက်ကျွေးပြီး အယ်လ်ဇိုင်းမားရောဂါဖြစ်တန်စွမ်းကို စမ်းသပ်ရာ ၄၇ ရာခိုင်နှုန်းတွင် အယ်လ်ဇိုင်းမားဖြစ်ဖို့ အလားအလာများသည့် မျိုးဗီဇတို့ကို တွေ့ရှိခဲ့သည်။

ကနဦးစမ်းသပ်မှုမှာ စားသုံးလိုက်သော အိုမီဂါသရီးတို့သည် ဦးနှောက်သို့ တကယ်ရောက်ရဲ့လားဆိုသည်ကို စမ်းသပ်ခြင်းဖြစ်သည်။ ထိုသို့စမ်းသပ်ရာတွင်  ဦးနှောက်ထဲရှိ  ဒီအိပ်ချ်အေမှာ ၁၇ ရာခိုင် နှုန်းခန့်တက်သွားသောကြောင့် အိုမီဂါ-သရီးသည် ဦးနှောက်ထဲသို့ ရောက်သည်ဟု ကောက်ချက်ချ နိုင်ခဲ့သည်။ နောက်တစ်ဆင့်အဖြစ် လေ့လာမှုကို နှစ်နှစ်တိုးပြီး အယ်လ်ဇိုင်းမားရောဂါကာကွယ်နိုင်စွမ်းကို ဖြစ်စေနိုင်သလားဟု စမ်းသပ်ရာတွင် မလုံလောက်ကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထိုစမ်းသပ်မှုမှာ အပြီးသတ်မဟုတ်ဘဲ အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်စွမ်းမှာ မည်သည့်အခြေအနေအကြောင်းတရားများပေါ်တွင် မူတည်နေသလဲဆိုသည်ကို ဆက်လက်သုတေသနလုပ်နေဆဲဖြစ်ကြောင်းလည်း သိရသည်။                               

Ref: scitechdaily