နေပြည်တော်    ဇူလိုင်    ၅

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်က ကြီးမှူး၍ Max Energy ၏ အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၄)ကို ဇူလိုင် ၆ ရက်မှ ၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး သုံးပွဲဆက်အနိုင်ရပြီး ထိပ်ဆုံးတွင်အပြိုင်ဖြစ်နေသည့် အား/ကာ သိပ္ပံ(ISPE)နှင့် ရန်ကုန်ယူနိုက်တက်အသင်း ထိပ်တိုက်တွေ့ဆုံနေသည်။

ပွဲစဉ်(၄)အဖြစ် ဇူလိုင် ၆ ရက် (ယနေ့)တွင် ပဒုမ္မာကွင်း၌ အား/ကာသိပ္ပံအသင်းနှင့် ရန်ကုန် ယူနိုက်တက်အသင်း၊ YUSC ကွင်း ၌ ရှမ်းယူနိုက်တက်အသင်းနှင့် Young Lionesses အသင်း၊ ဇူလိုင် ၇ ရက်တွင် ပဒုမ္မာကွင်း၌ ရတနာပုံအသင်းနှင့် မြဝတီအသင်း၊ ဇူလိုင် ၈ ရက်တွင် YUSC ကွင်း၌    သစ္စာ အားမာန်အသင်းနှင့် ရန်ကုန်စီးတီးအသင်း၊ သုဝဏ္ဏကွင်း၌ ဇွဲကပင် ယူနိုက်တက်အသင်းနှင့် ဧရာဝတီအသင်း   ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ပွဲစဉ်(၃)အပြီးတွင်   အား/ကာသိပ္ပံနှင့်  ရန်ကုန်ယူနိုက်တက်အသင်း ကိုးမှတ်စီ တူညီနေသော်လည်း အား/ကာသိပ္ပံအသင်းက ဂိုးကွာခြားချက်အသာဖြင့် ထိပ်ဆုံးတွင် ဦးဆောင်နေသည်။ ယင်းနှစ်သင်းနောက်တွင် ရတနာပုံအသင်း၊ Young Lionesses အသင်းနှင့်  ဧရာဝတီအသင်းတို့က  ခြောက်မှတ်စီ၊ ရှမ်းယူနိုက်တက်အသင်းက လေးမှတ်၊ ဇွဲကပင်ယူနိုက်တက်အသင်းက သုံးမှတ်၊ သစ္စာအားမာန်အသင်းက တစ်မှတ်၊ မြဝတီနှင့် ရန်ကုန်စီးတီးအသင်းတို့က သုံးပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။

ထိပ်ဆုံးမှ အား/ကာသိပ္ပံအသင်းသည် ပွဲစဉ် ၃ တွင် လက်ရှိချန်ပီယံ ဧရာဝတီကို အဝေးကွင်း၌ အနိုင်ကစားခဲ့သလို ယခုတစ်ပတ်တွင်လည်း သုံးပွဲဆက်အနိုင်ရထားသည့် ရန်ကုန်ယူနိုက်တက် အသင်းနှင့် ပွဲကျပ်ထပ်မံကစားရမည်ဖြစ်သည်။  နှစ်ပွဲဆက်  ဂိုးပြတ်အနိုင်ရထားသည့် ရတနာပုံအသင်းမှာလည်း  ထိပ်ဆုံးနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုကို အခွင့်အရေးယူနိုင်မလား စောင့်ကြည့်ရမည်ဖြစ်သည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-MWL