မော်လမြိုင် ဇူလိုင် ၆
ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ် သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး မွန်ပြည်နယ်ဥပဒေချုပ်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားကာ မော်လမြိုင်ခရိုင်နှင့် မော်လမြိုင် မြို့နယ်ဥပဒေရုံးတို့မှ ဥပဒေအရာရှိများက ဥပဒေရေးရာ ဘာသာရပ်များကို ဆွေးနွေးပို့ချ ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား ၁၀ မြို့နယ် အသက် (၂၅) နှစ်အောက် အမျိုးသား ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲသို့ တက်ရောက် အမှာစကားပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးကာ ဘတ်စကက်ဘောပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် မုဒုံမြို့နယ် ဘတ်စကက်ဘောအသင်းနှင့် ရေးမြို့နယ် ဘတ်စကက်ဘောအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးသည်။
အဆိုပါ ပြိုင်ပွဲကို ဇူလိုင် ၆ ရက် မှ ၉ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


