အင်္ဂလန်အသင်းနဲ့ နော်ဝေအသင်းတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ (၁၆)သင်းအဆင့်ပွဲစဉ်မှာ နိုင်ပွဲကိုယ်စီရရှိပြီး ကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ (၁၆)သင်းအဆင့်မှာ ကမ္ဘာ့ဖလားပူးတွဲအိမ်ရှင် မက္ကဆီကိုအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပြီး အင်္ဂလန်အသင်းက သုံးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အဲဒီပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် သွင်းဂိုးတွေကို ဘယ်လင်ဂမ်က နှစ်ဂိုး၊ ဟယ်ရီကိန်းက တစ်ဂိုးသွင်းယူပေးခဲ့ပြီး မက္ကဆီကိုအသင်းအတွက် သွင်းဂိုးနှစ်ဂိုးကို ကူအီနိုနက်စ်က တစ်ဂိုး၊ ဂျေမီနက်ဇ်က တစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားကွာတား ဖိုင်နယ်အဆင့်ပွဲစဉ်မှာ နော်ဝေအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
နော်ဝေအသင်းဟာ ကမ္ဘာ့ဖလား(၁၆)သင်းအဆင့်မှာ ဘရာဇီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ နော်ဝေအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အဲဒီပွဲစဉ်မှာ နော်ဝေအသင်းအတွက် သွင်းဂိုးနှစ်ဂိုးစလုံးကို ဟာလန်းတစ်ဦးတည်းက သွင်းယူပေးခဲ့ပြီး ဘရာဇီးအသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ နေမာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
တိုက်စစ်မှူးဟာလန်းအနေနဲ့ အခုပွဲစဉ်မှာ နှစ်ဂိုးသွင်းယူနိုင်ခဲ့လို့ ယခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပီ၊ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီတို့နဲ့အတူ ကမ္ဘာ့ဖလားသွင်းဂိုး ခုနစ်ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
ဘရာဇီးအသင်းအနေနဲ့ နော်ဝေအသင်းကို ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှထွက်ခဲ့ရတာကြောင့် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ကွာတားဖိုင်နယ်မတက်လှမ်းနိုင်ခဲ့ဘဲ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပထမဆုံးအကြိမ် ထွက်ခဲ့ရတာဖြစ်ပါတယ်။
ငွေကြယ်


