နယူးဒေလီ    ဇူလိုင်    ၇

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၌  မိုးသည်းထန်စွာရွာသွန်းမှုကြောင့်   လူနေသုံးထပ်အဆောက်အအုံ၏    အစိတ်အပိုင်းတစ်ခုပြိုကျခဲ့ရာ အနည်းဆုံး ခြောက်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ဇူလိုင် ၆ ရက်တွင် ပြောကြားသည်။ မွမ်ဘိုင်းမြို့  မန်ကတ်ဒေသတွင် တည်ရှိ သည့် လူနေထိုင်သည့် အခန်းများစွာဖြင့် ဖွဲ့စည်းထားသည့် ၎င်းအဆောက်အအုံသည် ဇူလိုင် ၆ ရက် ညက ပြိုကျခဲ့ခြင်းဖြစ်ပြီး မတော်တဆမှု၏ အကြောင်းရင်းအား စုံစမ်းစစ်ဆေးနေကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

မွမ်ဘိုင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နိုင်ငံတကာလေဆိပ်တွင် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခဲ့ရကာ လမ်းများတွင် ရေလွှမ်းမိုးခံခဲ့ရပြီး မြို့အတွင်း သစ်ပင်လဲကျမှု အများအပြားဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးရွာသွန်းမှုကြောင့် မွမ်ဘိုင်းနှင့် ပူနေးအား ဆက်သွယ်ထားသော  အမြန်လမ်းမကြီးတွင်လည်း မြေပြိုမှုများဖြစ်ပွားခဲ့ပြီး မြို့နှစ်မြို့အကြား ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ