ဇူလိုင် ၈
ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း မိုးကြိုးပစ်ခံရမှုကြောင့် လူ ၁၆ ဦး သေဆုံးမှုရှိရာ ယမန်နှစ် အလားတူကာလအတွင်း စံချိန်တင် သေဆုံးသူ ၃၁ ဦးရှိရာမှ ၄၈ ရာခိုင်နှုန်း ကျဆင်းသွားသည်ဟု ဘေးအန္တရာယ်ထိန်းချုပ်ရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားခဲ့သည်။
အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ အင်န်စီဒီအမ် ပြောရေးဆိုခွင့်ရှိသူက ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း မိုးကြိုးပစ်မှုကြောင့် လူသေဆုံးမှုများအပြင် အခြား ၁၈ ဦး ဒဏ်ရာရရှိခဲ့ပြီး နွားအကောင်ရေ ကိုးကောင် သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းချိန်တွင် မိုးကြိုးပစ်ခံရမှုဘေးကင်းရေးနှင့်ပတ်သက်သည့် လူထုအသိပညာ မြင့်မားလာခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိမှု ကျဆင်းသွားခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
မိုးကြိုးပစ်ခံရမှုများကိုကာကွယ်ရန်အတွက် အထူးသဖြင့် ကျေးလက်ဒေသရှိ လူများသည် မုန်တိုင်းများ သို့မဟုတ် မိုးရွာသွန်းနေချိန်အတွင်း အိမ်များ သို့မဟုတ် အမိုးအကာများအတွင်း နေထိုင်သင့်သည်ဟု ၎င်း က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
မိုးကြိုးပစ်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးမှုများအပြင် ယခုနှစ်ပထမနှစ်ဝက်အတွင်း မုန်တိုင်းများ တိုက်ခတ်မှုကြောင့် သုံးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


