ဇူလိုင် ၈

ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် တင်သွင်းမှုသည် ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း ၁၇၁ ဒသမ ၅၄ ဘီလီယံ (kWh) အထိ ရောက်ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလကထက် ၉ ဒသမ ၈၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဗီယက်နမ်သတင်းဌာနက ယမန်နေ့က ဖော်ပြခဲ့သည်။

အဆိုပါခြောက်လတာကာလအတွင်း ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားသည် အကြီးဆုံး လျှပ်စစ်ဓာတ်အားအရင်းအမြစ်အဖြစ် ဆက်လက်တည်ရှိနေပြီး ၉၃ ဒသမ ၄၄ ဘီလီယံ (kWh) ထုတ်လုပ်ကာ ရေအားလျှပ်စစ်မှ ၃၆ ဒသမ ၁ ဘီလီယံ (kWh)၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ၂၂ ဒသမ ၁၂ ဘီလီယံ (kWh)၊ သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်မှ ၁၃ ဒသမ ၇၁ ဘီလီယံ (kWh) နှင့် ပြည်ပမှတင်သွင်းသော လျှပ်စစ်ဓာတ်အားမှ ၅ ဒသမ ၉၃ ဘီလီယံ (kWh) ရရှိခဲ့သည်ဟု သိရသည်။

 

လျှပ်စစ်ဓာတ်အား ထုတ်လွှင့်မှုသည် ယခင်နှစ်ကထက် ၁၀ ဒသမ ၈၃ ရာခိုင်နှုန်း မြင့်တက်လာပြီး ၁၃၈ ဒသမ ၂ ဘီလီယံ (kWh) ခန့်မှန်းခြေ ရှိခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။

အမျိုးသား လျှပ်စစ်ဓာတ်အားစနစ်နှင့် ဈေးကွက်စီမံခန့်ခွဲရေး ကုမ္ပဏီ၏ ပြောကြားချက်အရ ယခုနှစ် ဒုတိယနှစ်ဝက်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် ပြည်ပမှ တင်သွင်းမှု စုစုပေါင်းသည် ၁၈၇ ဒသမ ၅ ဘီလီယံ(kWh) အထိ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားကာ ယမန်နှစ် အလားတူကာလကထက် ၁၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းသို့ဖြစ်လာပါက ယခုနှစ် တစ်နှစ်လုံး၏ စုစုပေါင်း လျှပ်စစ်ထုတ်လုပ်မှုနှင့် တင်သွင်းမှုပမာဏ ၃၅၈ ဒသမ ၆ ဘီလီယံ ကီလိုဝပ်နာရီ (kWh) ခန့် ရှိမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်ကထက် ၁၁ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်လာမည်ဟု မျှော်မှန်းထားကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို