နေပြည်တော် ဇူလိုင် ၈

 

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်ရေးရာဆောင်(I-13)ရှိ ပညာရေးမြှင့်တင်မှု ကော်မတီဝင်များနှင့် တွေ့ဆုံသည်။

 

ဦးစွာ ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက တစ်ဦးချင်း မိတ်ဆက်ကြပြီး ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာလှတင့်က ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကော်မတီအနေဖြင့် ကော်မတီ၏ ရည်ရွယ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် မဟာဗျူဟာ ရည်မှန်းချက်များအား အသေးစိတ် ပြင်ဆင်ထားသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့ လွှတ်တော်၏ လုပ်ငန်းစဉ်များသည် ကျယ်ပြန့်သဖြင့် ကော်မတီ များအနေဖြင့် လွှတ်တော်ကို အထောက်အကူပြုနိုင်ရေးအတွက် မျှော်မှန်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ကော်မတီများသည် လွှတ်တော်၏ ဒေါက်တိုင်များ ဖြစ်၍ လွှတ်တော်၏ရည်မှန်းချက် တာဝန်များ အောင်မြင်ခြင်း၊ တိုးတက်ခြင်းသည် ကော်မတီများ အပေါ်တွင် မူတည်လျက်ရှိပါကြောင်း၊ ပညာရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေး ကြီးသဖြင့် ပညာရေးမြှင့်တင်မှု ကော်မတီအနေဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ကျယ်ကျယ်ပြန့်ပြန့် သုံးသပ် ဆောင်ရွက်ကြစေလိုပါကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ အခြေခံ ပညာရေးစနစ် အုတ်မြစ်ခိုင်မာစေအောင် ကြိုးစားဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း။

 

တည်ဆဲ ဥပဒေများအနက် ပညာရေးမြှင့်တင်မှုကော်မတီနှင့် သက်ဆိုင်သည့် ဥပဒေ ၉ ခုရှိပြီး ကော်မတီအနေဖြင့် အဆိုပါ ဥပဒေများ ပြင်ဆင်နိုင်ရေး ပြန်လည် သုံးသပ်ပြီး ဦးစားပေးအဆင့် အလိုက် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အဆိုပါဥပဒေများ အနက် ၂၀၁၄ ခုနှစ်၊ အမျိုးသား ပညာရေးဥပဒေကို ဦးစားပေး ပြန်လည်သုံးသပ်ပြီး လက်ရှိ အခြေအနေနှင့် ကိုက်ညီသည့် ပညာရေးဥပဒေတစ်ရပ်ဖြစ်အောင် အလေးထား လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ ပညာရေးနှင့် ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ကျောင်းနေအရွယ် ကလေးများ အားလုံး ပညာသင်ကြားနိုင်ရေး အတွက် ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ကျောင်းပြင်ပ ပညာရေးနှင့် ကင်းကွာနေသူများကိုလည်း ပညာဆက်လက်သင်ကြားနိုင်ရန်အတွက် School Survey များ ကောက်ယူနိုင်ရေး လွှတ်တော် အနေဖြင့် မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများတင်သွင်းခြင်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်းအပြင် ပညာရေးနှင့်လုပ်ငန်းခွင် ဆက်စပ်မှုဖြစ်စေပြီး နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် လိုအပ်နေသည့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး (Technical and Vocational Education and Training - TVET)များ ဖွံ့ဖြိုး တိုးတက်လာစေရန် ဝိုင်းဝန်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

 

တိုင်းရင်းသား ဘာသာစကားများကို အခြေခံပညာရေးမှ အစပြု၍ ထည့်သွင်းသင်ကြားစေခြင်း ဖြင့် တိုင်းရင်းသားများအကြား ချစ်ကြည်ရင်းနှီးမှု ရရှိကာ ငြိမ်းချမ်းရေးအတွက် အထောက် အကူဖြစ်စေမည့် စနစ်တစ်ခုကို ဖော်ဆောင်ရန် စဉ်းစားသင့်ပါကြောင်း၊ ဤကော်မတီအနေဖြင့် ဆရာ ဆရာမများ၏ ခံစားခွင့်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ကျောင်းတွင်း အကြမ်းဖက်မှုများနှင့် ပတ်သက်၍ လည်းကောင်း အားလုံးလွှမ်းခြုံနိုင်သည့် ဥပဒေ များပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေသည်ကိုသိရ၍ ဝမ်းသာပါကြောင်း၊ မိမိတို့ လွှတ်တော် အနေဖြင့် ပညာရေးအခန်းကဏ္ဍ အရွေ့တစ်ခုသို့ ရောက်အောင် နိုင်ငံတော်နှင့်အတူ ဝိုင်းဝန်း ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါကြောင်း၊ ပညာရေးမြှင့်တင်မှု ကော်မတီအနေဖြင့် လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေ အရပ်ရပ်အပေါ် သုံးသပ်၍ အသိမ်မွေ့ဆုံး နည်းလမ်းများဖြင့် အကောင်းဆုံး ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

 

တွေ့ဆုံပွဲအပြီးတွင် ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအား တစ်ဦးချင်း ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်သည်။

 

သတင်းစဉ်