ရန်ကုန်    ဇူလိုင်   ၈

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင်အမျိုးသားအသင်း နည်းပြချုပ်အဖြစ် နော်ဝေနိုင်ငံသား ဂျော်အန်ဒါဆန်အားခန့်အပ်လိုက်ပြီဖြစ်သည်။ 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်သစ် ဂျော်အန်ဒါဆန်အား စာချုပ်ချုပ်ဆိုပွဲနှင့် သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၈ ရက် နံနက်ပိုင်းက MFF အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ပြည်တွင်းနည်းပြဖြစ်သည့် ဦးမျိုးလှိုင်ဝင်းနှင့် လမ်းခွဲပြီးနောက် နည်းပြချုပ်နေရာ အပြောင်းအလဲပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားသားနည်းပြတစ်ဦး ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ယခုခန့်အပ်လိုက်သည့် အန်ဒါဆန်သည် အသက် ၆၃ နှစ်ရှိပြီး နော်ဝေလက်ရွေးစင် တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်သည်။

 ထို့ပြင် နည်းပြအတွေ့အကြုံကောင်းများရှိသူဖြစ်ပြီး ၂၀၀၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဂျာမနီ၊ ဂရိ၊ သြစတြီးယားစသည့် ကလပ်အသင်းများကို ကိုင်တွယ်ကာ ဂျာမန်ကလပ် မိန့်ဇ်အသင်းကို ဘွန်ဒစ်လီဂါတန်းတက်ခွင့်ရအောင် စွမ်းဆောင်ပေးခဲ့သည်။ လက်ရွေးစင်အသင်း နည်းပြအတွေ့အကြုံများအဖြစ် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မြောက်ကိုရီးယားအသင်း၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဟောင်ကောင်လက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တောင်ကိုရီးယား၊ တရုတ်ကလပ်များကိုလည်း ကိုင်တွယ်ခဲ့ကာ နောက်ဆုံးအဖြစ် တရုတ်ကလပ် ယူနန်ယာကွန်အသင်းကို ကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။

ခြေစမ်းပွဲကစားမည်

နည်းပြသစ် အန်ဒါဆန်သည် ယခုနှစ်အတွင်း  မြန်မာ့လက်ရွေးစင်အသင်းအား နိုင်ငံတကာပြိုင်ပွဲနှစ်ခု ကိုင်တွယ်ရမည်ဖြစ်ပြီး ဇူလိုင်  ၂၄ ရက်မှ သြဂုတ် ၂၆ ရက်အထိ ကျင်းပမည့် အာဆီယံ ဟွန်ဒိုင်းဖလားပြိုင်ပွဲ၊ စက်တင်ဘာလတွင် စတင်မည့် ဖီဖာ-အာဆီယံ ဖလားပြိုင်ပွဲတို့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ထို့ပြင် ပထမဆုံးနိုင်ငံတကာပွဲအဖြစ် ဇူလိုင် ၁၈ ရက်တွင် ဗီယက်နမ်လက်ရွေးစင်အသင်းနှင့် ဗီယက်နမ်နိုင်ငံ၌  ခြေစမ်းပွဲကစားမည်ဖြစ်သည်။

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - စိုးညွန့်သော်