နေပြည်တော် ဇူလိုင် ၈

 

အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ခြောက်ထပ်အဆောက်အအုံ တစ်လုံးကို ထပ်မံ၍ စနစ်တကျ ဖောက်ခွဲဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၇၇ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅၇ လုံးနှင့် ဖောက်ခွဲဖျက်ဆီးမည့် အဆောက်အအုံအလုံး ၂၀ ဟူ၍ အဆောက်အအုံအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး စနစ်တကျ ဖြိုချဖျက်ဆီးလျက်ရှိရာ ယနေ့တွင် ဖောက်ခွဲ၍ဖျက်ဆီးရန် သတ်မှတ်ထားသည့် အဆောက်အအုံ အလုံး ၂၀ အနက် ခြောက်ထပ် အဆောက်အအုံတစ်လုံးကို စနစ်တကျ ထပ်မံဖြိုချဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များအနေဖြင့် ယနေ့အထိ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံ စုစုပေါင်းအလုံး ၇၀ အား စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ဖျက်ဆီးရန်ကျန်ရှိသည့် တရားမဝင် အဆောက်အအုံ ခုနစ်လုံးကိုလည်း ဆက်လက်၍ စနစ်တကျ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်