ကရာကတ် ဇူလိုင် ၉
အင်အားပြင်း ငလျင်လှုပ်ခတ်ပြီး သီတင်းနှစ်ပတ်ခန့်အကြာတွင် ဗင်နီဇွဲလားနိုင်ငံ၌ ငလျင်ကြောင့် သေဆုံးသူဦးရေ ၃၈၀၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
ဗင်နီဇွဲလားနိုင်ငံ၏ ယာယီသမ္မတက ထိခိုက်နစ်နာသူများအား ကူညီထောက်ပံ့ပေးနိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။ နိုင်ငံတကာမှ လူပုဂ္ဂိုလ်များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် ကာရေဘီယံပင်လယ်ကမ်းရိုးတန်း တစ်လျှောက် ထိခိုက်နစ်နာမှုအများဆုံးဖြစ်သည့် ဒေသများသို့ အကူအညီများ စတင်ပို့ဆောင်လျက်ရှိသည်။
ဇွန် ၂၄ ရက်တွင် ပြင်းအား ၇ မဂ္ဂနီကျုကျော်ရှိသည့် ငလျင်နှစ်ကြိမ် ဗင်နီဇွဲလားနိုင်ငံ၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ လူအများအပြား ပျောက်ဆုံးနေဆဲဖြစ်သည်။ ဗင်နီဇွဲလားအစိုးရက ငလျင်ကြောင့် လူပေါင်း ၁၈၀၀၀ ခန့် အိုးအိမ်များဆုံးရှုံးခဲ့သည်ဟု ပြောသည်။ ငလျင်ဗဟိုချက်မှ ကီလိုမီတာ ၁၆၀ ခန့်အကွာရှိ မြို့တော်ကရာကတ်တွင်ပင် ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရပြီး တိုက်ခန်းတစ်ခန်း ပြိုကျခဲ့ရာ ခုနစ်ဦး သေဆုံးခဲ့သည်။
အင်န်အိတ်ချ်ကေ


