မန္တလေး ဇူလိုင် ၁၀
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးက ကြီးမှူး၍ အခွန်ဆိုင်ရာ အသိပညာတိုးတက်ရေးနှင့် အခွန်တာဝန် လေးစားလိုက်နာမှုတိုးတက်ရေး ရည်ရွယ်သည့် လူထုလှုပ်ရှားမှုအစီ အစဉ်ကို ယနေ့ နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ် အထက (၂၆) ၌ ကျင်းပသည်။
ဦးစွာ ပြည်တွင်းအခွန်များဦးစီးဌာန မန္တလေးတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်နွဲ့ဌေးက အမှာစကားပြောကြားပြီး မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဦးက အခွန်ဆိုင်ရာ အသိပညာတိုးတက်ရေးနှင့် အခွန်တာဝန် လေးစားလိုက်နာမှု တိုးတက်ရေးအတွက် လူထုလှုပ်ရှားမှုအစီအစဉ်၊ လုပ်ငန်းစီမံချက်၏ ရည်ရွယ်ချက်များ၊ ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံလျက်ရှိသည့် အခွန်အမျိုးအစားများနှင့် အခွန်အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။
အခမ်းအနားသို့ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၈၀ တက်ရောက်ခဲ့ကြောင်း သိရသည်။
မင်းထက်အောင် (မန်းကိုယ်ပွား)


