နေပြည်တော် ဇူလိုင် ၁၀
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ယမန်နေ့က ဟားခါး- ဖလမ်းလမ်းပိုင်း အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစဉ် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့သည့် လမ်း၊ တံတားများကို ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဦးစားပေးအလိုက် ဆောင်ရွက်သွားရန်၊ မိုးရာသီတွင် လမ်းမပေါ်၌ ရေမတင်စေရေး အလေးထားဆောင်ရွက်ရန်၊ တောင်ပေါ်ဒေသလမ်းဖြစ်သည့်အတွက် မိုးတွင်းတွင် တောင်ပြို၍ လမ်းပြတ်တောက်မှုမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်က ကြိုတင်စုဖွဲ့၍ အလေးထား ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် ဖလမ်းမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲသို့ တက်ရောက်သည်။
ပေးအပ်ပွဲတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် နေ့စဉ် ပုံမှန်လူနေမှုဘဝကို အတိုင်းအတာတစ်ခုအဖြစ် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်က ကူညီပံ့ပိုးသော အခြေခံလိုအပ်သည့် အိမ်ထောင်စုတစ်စုလျှင် လူသုံးကုန်ပစ္စည်း ၁၆ မျိုးပါ ကယ်ဆယ်ရေး ပစ္စည်းများနှင့် စားရေရိက္ခာများကို နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများအား ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ထပ်မံဝင်ရောက်လာမည့် ပြည်သူများကိုလည်း ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် အိမ်ထောင်စု ၂၀၀ အတွက် လက်ဝယ်အရောက် ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများကိုယ်စား မြို့မိမြို့ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး လိုအပ်ချက်များ တင်ပြမှုအပေါ် ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးကာ ပြည်သူများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


