မကွေး ဇူလှိုင် ၁၂

 

မကွေးတိုင်းဒေသကြီး အိမ်ခြံမြေ အကျိုးဆောင်များနှင့် အဖိုးတန် သတ္တုရောင်းဝယ်သူများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော ငွေကြေးဝါချမှုနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး သင်တန်းကို ယနေ့နံနက်ပိုင်းက ထိန်ထိန်သာ ဟိုတယ်ခန်းမ၌ ကျင်းပသည်။ သင်တန်းဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီး အိမ်ခြံမြေ အကျိုးဆောင်များနှင့် အဖိုးတန် သတ္တုရောင်းဝယ်သူများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ တွဲဖက်အတွင်း ရေးမှူးတိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေဝင်းက အမှာစကား ပြောကြားသည်။

 

သင်တန်းတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်) နှင့် တိုင်းဒေသကြီး အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ငွေကြေးခဝါချမှုဆိုင်ရာ အကြောင်းအရာများနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အကြောင်းအရာများအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပို့ချခြင်း၊ တိုင်းဒေသကြီး သတ္တုတွင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများ လုပ်ငန်းလိုင်စင်လျှောက်ထားမှု များနှင့် တိုင်းဒေသကြီးမြေစာရင်း ဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူးက မြေစာရင်းဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးပို့ချကြသည်။

 

ဆက်လက်၍ တက်ရောက်လာကြသော အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းနှင့် အဖိုးတန်သတ္တု ရောင်းဝယ်သူများကိုယ်စား ကိုယ်စားလှယ်နှစ်ဦးအား တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနညွှန်ကြားရေးမှူးက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)