ရန်ကုန် ဇူလိုင် ၁၂

 

မြန်မာ့အလုပ်အကိုင်ကျွမ်းကျင်မှုလေ့ကျင့်သင်ကြားခြင်းဆိုင်ရာ အခွင့်အလမ်းများပြပွဲ (၂၀၂၆ ခုနှစ်) ဖွင့်ပွဲကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ရန်ကုန်တက္ကသိုလ်ဝင်း Recreation Centre ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု စံသတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ဝင်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ အလုပ်သမားအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ သင်တန်းသားများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 

ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး ပြပွဲကို ဖွင့်လှစ်ပေးကာ ပြခန်းများကို ကြည့်ရှုအားပေးသည်။

 

မွန်းလွဲပိုင်းတွင် ကျောင်းသင်ခန်းစာမှ လုပ်ငန်းခွင်ဆီသို့ အင်ဂျင်နီယာလူငယ်တစ်ဦး၏ ပထမခြေလှမ်း၊ ဟိုတယ်လောကတွင် အောင်မြင်ရန်လိုအပ်မည့် Core Skills များ၊ အိုင်တီကျောင်းသားဘဝမှ ကမ္ဘာ့စင်မြင့်ထက်ဆီသို့နှင့် စာသင်ခန်းမှ သက်မွေးဝမ်းကျောင်း အောင်မြင်မှုဆီသို့ Soft Skills ဖြင့် ပေါင်းကူးပေးခြင်းစသည့် ခေါင်းစဉ်လေးခုဖြင့် ဆွေးနွေးပွဲများကျင်းပခဲ့ပြီး ပြခန်းများကို ကျောင်းသား ကျောင်းသူ၊ သင်တန်းသား သင်တန်းသူများ၊ လုပ်ငန်းရှင်များ၊ အလုပ်သမားများ၊ ပြည်သူများ စည်ကားသိုက်မြိုက်စွာ လာရောက်လေ့လာကြကြောင်း သိရသည်။

သတင်းစဉ်