နီဇော်သစ်

ဉာဏ်ရည်တုနည်းပညာလှိုင်းများခေါင်းစဉ်ဖြင့်   ဆွေးနွေးခဲ့ရာတွင်   အကြမ်းဖျင်းအားဖြင့် ဉာဏ်ရည်တုနည်းပညာ၏ စွမ်းဆောင်ရည်၊ လုပ်ပိုင်ခွင့်နှင့် အကျိုးဆက်များမြင်တွေ့ခဲ့ရပြီးပြီ ဖြစ်ရာ ဤနေရာမှစ၍  ကန့်သတ်ထိန်းချုပ်မှုဟု ဆိုနိုင်သည့် Containment အပိုင်းကို ဆွေးနွေးရန် အချိန်ကျပြီဟု ထင်ပါသည်။ ကန့်သတ်ထိန်းချုပ်မှုဆိုသည်မှာ နည်းပညာတစ်ခုကြောင့်  လူသားတို့အပေါ်   မကောင်းသောအကျိုးသက်ရောက်မှုများမဖြစ်အောင် ထိုနည်းပညာကို စောင့်ကြည့်နိုင်စွမ်း၊ ဖြတ်တောက်နိုင်စွမ်း၊ ထိန်းကျောင်းနိုင်စွမ်း၊ နောက်ဆုံးလိုအပ်လျှင် ပိတ်ချနိုင်စွမ်းကိုဆိုလိုပါသည်။

နည်းပညာတစ်ခုသည် လူသားတို့အပေါ် မကောင်းသော အကျိုးသက်ရောက်မှု နှစ်မျိုးနှစ်စား ဖြစ်စေနိုင်ကြောင်း သမိုင်းတစ်လျှောက်တွင် မြင်တွေ့ခဲ့ရသည်။ တစ်ခုက မသမာသူတို့လက်ထဲရောက်သွားပြီး အလွဲသုံးခံရခြင်းမျိုးဖြစ်သည်။ ထိုအမျိုးအစားက နည်းပညာနှင့် သီးခြားသက်ဆိုင်ခြင်းမရှိဘဲ နည်းပညာကိုအသုံးချသည့် လူသားအပေါ်တွင်သာ မူတည်သည်။  ထို့ကြောင့်  ခဏဖယ်ထားပါမည်။ နောက်တစ်မျိုးက နည်းပညာကို တီထွင်ဖန်တီးသူများ ကိုယ်တိုင်တားဆီးနိုင်စွမ်းမရှိသော နောက်ဆက်တွဲ အကျိုးဆက်များဖြစ်သည်။ အက်တမ်များထဲမှ ထွက်ပေါ်လာနိုင်သည့် အံ့မခန်း စွမ်းအင်များအကြောင်း လေ့လာအတည်ပြုခဲ့ကြသည့် သိပ္ပံပညာရှင်တို့သည် နျူကလီးယားဗုံးမလုပ်ကြအောင် တားဆီးနိုင်စွမ်းမရှိသည်မှာ ဟင်နရီဖို့ဒ်က ကားတိုက်မှုများမဖြစ်အောင် တားဆီးနိုင်စွမ်းမရှိသည်နှင့်အတူတူပင်ဖြစ်သည်။  အေအိုင်ဂုရုကြီး တစ်ယောက်ဖြစ်သည့်  လက်ရှိမိုက်ခရိုဆော့ဖ် အေအိုင်စီအီးအို မူစတာဖာ ဆူလီမန်က “နည်းပညာ၏ ရှောင်လွှဲမရနိုင်သော စိန်ခေါ်မှုမှာ ဖန်တီးထားသူများက သူတို့၏တီထွင်မှုများကို ကမ္ဘာသို့ချပြလိုက်သည်နှင့် ထိုတီထွင်မှုများသွားရာ လမ်းကြောင်းတစ်လျှောက် သူတို့၏ ကန့်သတ်ထိန်းချုပ်နိုင်စွမ်း ခပ်မြန်မြန်ပျောက်ဆုံးသွားခြင်းဖြစ်သည်”ဟု သူ၏ နောက်လာမည့် လှိုင်းစာအုပ်ထဲတွင် ရေးထားသည်။

နည်းပညာတစ်ခုသည် စစချင်းတွင် လက်ခံခြင်း၊ ငြင်းပယ်ခြင်း ပြဿနာတစ်ရပ်နှင့် ရင်ဆိုင်ရတတ်သည်။ စက်မှုတော်လှန်ရေးခေတ်ဦးပိုင်းတွင် ထိုလက်တွေ့ဖြစ်စဉ်တို့ကို ကျွန်တော်တို့ အများကြီးမြင်ခဲ့ကြရပြီးပြီ။ များသောအားဖြင့် ငြင်းပယ်သူတို့ ရှုံးနိမ့်ရတတ်သည်။ နောက်တစ်ဆင့် တွင်  အများလက်ခံလာသော ထိုနည်းပညာလှိုင်းသည် တစ်ဟုန်ထိုးပျံ့နှံ့သည်။ ထိုပျံ့နှံ့မှုမျိုးကို ထိန်းချုပ်၍ မရကြောင်းလည်း ကျွန်တော်တို့  တွေ့ခဲ့သည်။ ခြွင်းချက်အားဖြင့်  နျူကလီးယား နည်းပညာသာရှိသည်။ ထိုသို့ပျံ့နှံ့ပြီးချိန်တွင် နည်းပညာကို အတိုင်းအတာအလျောက် အသုံးချနိုင်သူ၊ ပိုင်ဆိုင် နိုင်သူတို့လက်ထဲသို့ ပါဝါပြန်လည်ဖြန့်ဝေရောက်ရှိသည်။ ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ခြင်းမရှိသောကြောင့် အသုံးချနိုင်သူ၊ ပိုင်ဆိုင်နိုင်သူသည် လူကောင်းလူဆိုး ခွဲခြားခြင်းမရှိ။ မသမာသူတို့ လက်ထဲမှ နည်းပညာသည် လူ့အဖွဲ့အစည်းကို ထိခိုက်စေသည်။ သမိုင်းတစ်လျှောက် တကယ်လည်း ထိခိုက်မှုများရှိခဲ့သည်။ ဆိုလိုသည်မှာ ကျွန်တော်တို့သည် နည်းပညာ၏ ကောင်းကျိုးဆိုးပြစ်တို့နှင့် အတူယှဉ်တွဲနေထိုင်ပြီး ဖွံ့ဖြိုးတိုးတက်အောင် အဆက်မပြတ်ကြိုးစားနေသော မျိုးစိတ်တစ်ခု ဖြစ်သည်။

ဤနေရာအထိ ရောက်လာပြီဆိုလျှင် နည်းပညာသည် လူမှုရေး၊  စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ဥပဒေပြုခြင်းတို့နှင့်  ထွေးရောယှက်တင်ဖြစ်လာသည်။ ထို့ကြောင့် ထိန်းချုပ်ရန်ကြိုးစားရာတွင်လည်း လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအရ ထိန်းချုပ်ရန်ကြိုးစားခြင်း၊ ယဉ်ကျေးမှုအလိုက် ထိန်းချုပ်ရန်ကြိုးစားခြင်း၊ ဥပဒေများဖြင့် ထိန်းချုပ်ရန်ကြိုးစားခြင်းတို့ ပါဝင်လာသည်။ ထိုသို့ပါဝင်ရာတွင် အချို့သည် လိုက်လျောညီထွေမှုရှိသကဲ့သို့ အချို့မှာ ဝိရောဓိများထွက်ပေါ်လာစေတတ် သည်။ ထိုအချက်ကလည်း နည်းပညာတစ်ရပ်အား  ကန့်သတ်ထိန်းချုပ်နိုင်စွမ်းအပေါ် သက်ရောက်မှုရှိသည်။

အေအိုင်နည်းပညာနှင့်လည်း ကျွန်တော်တို့ ထိုအတိုင်း ရင်ဆိုင်နေရသည်။ အေအိုင်နည်းပညာ၏ လူသားတို့အပေါ် သက်ရောက်မှုသည် နည်းပညာ၏ စွမ်းဆောင်ရည်ထက် နည်းပညာကို လုပ်ပိုင်ခွင့် ဘယ်လောက်ပေးထားသလဲဆိုသည်က ပိုအရေးကြီးကြောင်း ရှေ့ကပြောခဲ့သည်။ သို့သော် ရှေ့အပတ်များက တင်ပြခဲ့သည့် လီခိုင်ဖု၏ ဇာတ်လမ်း ၁၀ ပုဒ်ထဲမှ အကျိုးတရားတို့ကိုကြည့်လျှင်  ထိုသဘောတရား နှစ်ခုကြားမှ နံရံသည် ပါးလွှာသည်ထက် ပါးလွှာလာသည်ကို တွေ့နိုင်သည်။ ထိုဇာတ်လမ်းများထဲတွင် အေအိုင်နည်းပညာကို လူသားတို့အတွက် အကျိုးပြုနိုင်စွမ်းအရှိဆုံးဖြစ် အောင် ရေးဆွဲထားပြီး လူသားတို့ကို ကူညီစေခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ လူသားတို့၏ဘဝနေထိုင်မှုပုံစံကို ဝင်ရောက်နှောင့်ယှက်သလို ဖြစ်လာသည်။ ယင်းမှာ အေအိုင်ကို လုပ်ပိုင်ခွင့်ပိုပေးလိုက်ခြင်းကြောင့်မဟုတ်။ လုပ်ပိုင်ခွင့်က အရင်အတိုင်းသာ။ သို့သော် အေအိုင်၏ လူသားတို့အတွက်  အကောင်းဆုံးဖြစ်နိုင်သည့် ရွေးချယ်မှုနှင့် လူသားတို့ လက်တွေ့လိုအပ်နေသည့် အရာတို့ ကွာခြားသွားခြင်းဖြစ်သည်။

လက်ရှိအနေအထားတွင် အေအိုင်သည် ဟောလီးဝုဒ်ဇာတ်လမ်းများကြည့်ပြီး အများသူငါ ထိတ်လန့်စိုးရွံ့ကြသော လူသားတို့ကို အန္တရာယ်ပေးနိုင်သည့် စွမ်းဆောင်ရည်မျိုး၊ လုပ်ပိုင်ခွင့်မျိုးနှင့် နည်းနည်းလေးမျှ မနီးစပ်သေး။ ဆိုလိုသည်မှာ အေဂျီအိုင် ကနဦးအဆင့်မှာသာ ရှိသေးသည်။ သို့သော် နေ့စဉ်ဘဝများထဲ၌ အေအိုင်၏ ဝင်ရောက်စွက်ဖက်မှုမှာ တော်တော်လေးကြီးမားလာသည်ကို စာဖတ်သူတို့ကိုယ်တိုင်လည်း ကြုံတွေ့ခံစားနေရမည်မှာ သေချာသည်။ နောက်တစ်ချက်က အေအိုင်လှိုင်းသည် လက်ရှိအဆင့်မှာပင် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့ပြီးသားဖြစ်နေခြင်းပင်။ သမိုင်းတစ်လျှောက် ပြန်ကြည့်လျှင် နည်းပညာတစ်ခုသည် ထိုမျှလောက် မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားခြင်းမျိုးတွေ့ရမည်မဟုတ်။ အထူးသဖြင့် ကနဦးဖြစ်တည်စ အနေအထားမျိုးတွင် ထိုသို့ပျံ့နှံ့ခြင်းမှာ မရှိစကောင်း။ သို့သော် လက်တွေ့ကမ္ဘာသည် ထိုအတိုင်းဖြစ်နေသည်။

နောက်ထပ်အားသာချက်မှာ အေအိုင်သည် အသုံးပြုသူ၏ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုအမျိုးမျိုးကိုလိုက်၍ ဆန်းသစ်တီထွင်မှုများ လုပ်နိုင်အောင် အားပေးနိုင်စွမ်းရှိခြင်းဖြစ်သည်။ လူတိုင်း လူတိုင်းကလည်း ထိုအားသာချက်ကို အသုံးချနေကြသည်။ ချတ်ဂျီပီတီ၊ ဂျမနိုင်း၊ ကိုပိုင်းလော့တို့မှ သည် သက်ဆိုင်ရာကဏ္ဍအလိုက် အေအိုင်များကို လူအမျိုးမျိုးက ကိုယ်နှစ်သက်သည့် ပုံစံအမျိုးမျိုး ဖြင့် အသုံးချနေကြသည်မှာ လက်တွေ့ကမ္ဘာဖြစ်သည်။  အဆင်လည်းပြေနေကြသည်။ ဘာကြောင့်ပြေလဲဆိုလျှင် နောက်ဆုံး ဆုံးဖြတ်ချက်များကို လူသားကချမှတ်နေသေးသည့် အနေအထားတွင် ရှိနေသေး၍ပင်။ သို့သော် အနာဂတ်ကို မေ့ထား၍မရ။

လီခိုင်ဖု၏ ၂၀၄၁၊  မူစတာဖာ ဆူလီမန်၏ နောက်လာမည့်လှိုင်း၊ ရေးကာ့ဇ်ဝီးလ်၏ အမှတ်ထူး ပိုနီးလာပြီတို့လို စာအုပ်များက အေအိုင်၏ အနာဂတ်ကို တတ်နိုင်သမျှ ခန့်မှန်းပြီးပြောနေကြရသည်မှာ containment ဆိုသည့် ကန့်သတ်ထိန်းချုပ်မှုအတွက် အဓိကရည်ရွယ်ကြခြင်းဖြစ်သည်။ ဟောလီးဝုဒ်သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းများက လူကြိုက်များအောင် အလွန်အကျွံများ ထည့်သွင်း ရိုက်ကူးပြသကြသည်။ သို့သော် ထိုဇာတ်ကားများ၊ ဝတ္ထုများကိုလည်း ပစ်ထား၍မရ။ သူတို့ကလည်း အနာဂတ်နည်းပညာ ကန့်သတ်ထိန်းချုပ်မှုအတွက် ဖြစ်နိုင်ခြေများကို တင်ပြနေကြခြင်းဟု  မြင်နိုင် သည်။ အားသာချက်က ကျွန်တော် ရှေ့ကပြောခဲ့သော စာအုပ်များကို ဖတ်ဖူးသူများထက်၊ သိပ္ပံ ရုပ်ရှင်များကို ကြည့်ဖူးသူက ပိုများခြင်းဖြစ်သည်။ ရုပ်ရှင်၊ ဝတ္ထုတို့က ပညာရှင်တို့၏ သုံးသပ်ချက်များထက် လူထုထဲသို့ ပိုရောက်သည်။ ထို့ကြောင့်လည်း လီခိုင်ဖုက ဝတ္ထု ၁၀ ပုဒ်ဖြင့်   သူ့စိတ်ကူးများကို တင်ပြခဲ့ခြင်းဖြစ်ပုံရသည်။

ဤအပိုင်းတွင် ကျွန်တော်ပြောလိုသည်မှာ အေအိုင်နည်းပညာကို ကန့်သတ်ထိန်းချုပ်နိုင်ရန် ကြိုးစားခြင်းသည် နည်းပညာသက်သက်ကို ထိန်းချုပ်ခြင်းမျိုးမဟုတ်။ နည်းပညာကို သူ့အဆင့်နှင့်သူ အသုံးချနေသူများ၊ ပိုင်ဆိုင်ထားသူများကို ဘယ်လိုထိန်းကျောင်းရမလဲဆိုသည့်အချက်က ပိုအရေး ကြီးသည်။ တစ်နည်းအားဖြင့် နည်းပညာ၏ ပါဝါပြန်လည်ဖြန့်ဝေမှုသည် လူများများလက်ထဲသို့ ရောက်နေရန်လိုသည်။ ထိုသို့ဖြစ်နိုင်ရန် နည်းပညာနှင့် ပတ်သက်၍ သိမြင်နားလည်သူ ပိုများလာရန်လိုသည်။ ထို့ကြောင့် လူတိုင်းလူတိုင်းသည် စာများများဖတ်ရန် ပိုလိုလာသည်။ အေအိုင်ကို လက်ပွန်းတတီးဖြစ်အောင် သုံးနေဖို့ ပိုလိုလာသည်။ ကိုယ့်ဘဝနေထိုင်မှုပုံစံကို အေအိုင်နှင့် အေအိုင်ကို ပိုင်ဆိုင်သူများက များများစားစား ဝင်ရောက်စွက်ဖက်ခြင်းမျိုးမခံရဘဲ အေအိုင်နှင့်ပတ်သက်၍ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်သူများဖြစ်အောင် အားထုတ်ရန်ပိုလိုလာသည်။ ယင်းမှာ အေအိုင်နှင့် အတူတကွ ယှဉ်တွဲနေထိုင်ခြင်းတွင် ဖြစ်လာနိုင်သည့် ပုံစံမျိုးပင်ဖြစ်သည်။