နေပြည်တော် ဇူလိုင် ၁၄
ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီတို့သည် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမမြောက်နေ့သို့ တက်ရောက်လေ့လာသည့် မြန်မာနိုင်ငံ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက် အကူပြုဗဟိုကော်မတီမှ ဗဟိုကော်မတီဝင် သိက္ခာ တော်ရဆရာဒေါက်တာမောရစ်လျန်နာနှင့် တွဲဖက် အတွင်းရေးမှူး(၁) သိက္ခာတော်ရဆရာ ဦးစောချစ်မျိုး တို့ ဦးဆောင်သည့်အဖွဲ့အား လွှတ်တော်အစည်းအဝေး ပြီးဆုံးချိန်တွင် ပြည်ထောင်စုလွှတ်တော် (D-ဆောင်)၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် သိက္ခာတော်ရဆရာ ဦးစောချစ်မျိုးက သာသနာရေးဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေးအတွက် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ကူညီဆောင်ရွက်နေမှုများ၊ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ငြိမ်းချမ်းရေးဆုတောင်းပွဲများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းပြောကြား
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့က ငြိမ်းချမ်းရေးအတွက် မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေး အထောက်အကူပြုဗဟိုကော်မတီ၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ကျေးဇူးတင်ရှိကြောင်း၊ ငြိမ်းချမ်းမှု ရှိမှသာလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်မှငြိမ်းချမ်းရေးအတွက် လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို ပြန်လည် ရှင်းလင်းပြောကြားသည်။
အခမ်းအနားအပြီးတွင် မြန်မာနိုင်ငံခရစ်ယာန် ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြု ဗဟိုကော်မတီဝင်များက ပြည်ထောင်စုလွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့အား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


