နေပြည်တော် ဇူလိုင် ၁၄
ပြည်ထဲရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ကော်မရှင်အဖွဲ့ဝင် ဦးတင်အောင်ဝင်း၊ အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(CPU) အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌက ကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများက ပြောကြားသည်။
ယင်းနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်စပ်လျဉ်း ၍လည်းကောင်း ဆွေးနွေးကြပြီး တက်ရောက်လာသူများက သိရှိလိုသည့်အချက်များကို မေးမြန်းဆွေးနွေး ကြသည်။
ဆွေးနွေးပွဲအပြီးတွင် ကော်မရှင်အဖွဲ့ဝင်သည် ပြည်ထဲရေးဝန်ကြီးဌာန အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit–CPU) အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး တားဆီးကာကွယ် ရေးအဖွဲ့များ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရမည့်အချက်များ၊ အားသာချက်၊ အားနည်းချက်များကို သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


