နေပြည်တော် ဇူလိုင် ၁၄
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ် အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ယမန်နေ့က ဖလမ်းမြို့ရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်ပညာ သင်ကြားနေမှုနှင့် ကျောင်းကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ ကို ကွင်းဆင်းကြည့်ရှုသည်။
ဦးစွာ ဖလမ်းမြို့ အမှတ်(၃)အခြေခံ ပညာမူလတန်းလွန်ကျောင်း၌ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် တွေ့ဆုံ၍ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျောင်းကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများအား မျက်စိစမ်းသပ်ခြင်း၊ သွားနှင့်ခံတွင်းစမ်းသပ်ခြင်း၊ တစ်ကိုယ်ရည် ကျန်းမာရေးစစ်ဆေးခြင်း ဆောင်ရွက်ပေးနေမှုနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှု တို့ကို လှည့်လည်ကြည့်ရှုခဲ့သည်။
ထို့နောက် ဖလမ်းမြို့ အမှတ်(၁)အခြေခံပညာ မူလတန်းလွန်ကျောင်း၌ မြို့မိမြို့ဖများ၊ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ တင်ပြချက်များ အပေါ် လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုနှင့် ကျောင်းအတွင်း လှည့်လည်ကြည့်ရှုကာ ဆရာ ဆရာမများ နှင့် ကျောင်းသား ကျောင်းသူများအား ထောက်ပံ့ကြေးများ ပေးအပ်သည်။
ဖလမ်းမြို့နယ်တွင် အခြေခံပညာ ကျောင်း ၁၁၃ ကျောင်း ဖွင့်လှစ်နိုင်ပြီး သင်ကြားရေး ဆရာ ဆရာမ ၂၈၄ ဦးဖြင့် အခြေခံပညာ ကျောင်းသား ကျောင်းသူ ၃၄၄၀ ကို ပညာသင်ကြားပေးလျက်ရှိပြီး တီးတိန်၊ တွန်းဇံနှင့် ဖလမ်းမြို့တို့တွင် အခြေခံပညာကျောင်းပေါင်း ၂၈၂ ကျောင်း ဖွင့်လှစ်ကာ သင်ကြားရေးဆရာ ဆရာမ ၁၂၄၇ ဦးဖြင့် အခြေခံပညာကျောင်းသား ကျောင်းသူ ၂၀၃၁၄ ဦးကို ပညာသင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


