မြစ်ကြီးနား ဇူလိုင် ၁၅

 

ကချင်ပြည်နယ်အနေဖြင့် နိုင်ငံတော်(သို့မဟုတ်) ပြည်နယ်အတွက် အကျိုးရှိနိုင်မည့် ရေအားလျှပ်စစ် စီမံကိန်းများ၊ မွေးမြူရေးလုပ်ငန်းနှင့် ဈေးအဆင့်မြှင့်တင်ခြင်းများပါဝင်သည့် ရေတို/ ရေရှည်လုပ်ငန်း စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အမှာစကားပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးများက စီမံကိန်းများအလိုက် ဆွေးနွေးတင်ပြကြပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်လွင်က အကောင်အထည်ဖော်ရမည့် လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ရေးဆွဲတင်ပြနိုင်ရေး အကြံပြု ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းစီမံကိန်းများအပေါ် ဆွေးနွေးဆုံးဖြတ်ပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ယင်းနောက် မြစ်ကြီးနားမြို့ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း ရွှေသွေးခန်းမ၌ နိုင်ငံသားစိစစ်ရေးကတ်များကို ကျောင်းသား ကျောင်းသူများ လက်ဝယ်အရောက်ပေးအပ်ကာ One Stop Service စနစ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုသည်။

 

ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်နှင့် ရွှေစက်ရပ်ကွက် ခရစ်တော်၏အသင်းတော် ဘုရားကျောင်း၌ ယာယီတိမ်းရှောင်နေထိုင်လျက်ရှိသော အိမ်ထောင်စုများအတွက် ဆန် ၂၄ ပြည်ပါ ဆန်အိတ်များနှင့် ဆီပုံးများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)