ကိုလံဘို ဇူလိုင် ၁၅
သီရိလင်္ကာနိုင်ငံတွင် မူလတန်းကြိုကျောင်းသားများအား သွေးလွန်တုပ်ကွေးဖြစ်ပွားခြင်းမှ ကာကွယ်ရန်အတွက် လက်မောင်းနှင့်ခြေထောက်ကို ကာကွယ်နိုင်သည့် အဝတ်အစားများအား မိဘများမှ ဝတ်ဆင်ပေးရန် အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဝန်ကြီး ဆာရိုဂျာ ဆာဗီသရီ ပေါလ်ရာ့ဂျ်က ညွှန်ကြားခဲ့သည်။
အမျိုးသားမူကြိုကလေးများရက် သတ္တပတ်ဆိုင်ရာ မီဒီယာရှင်းလင်းပွဲတစ်ခုအတွင်း ၎င်းက ယခုကဲ့သို့ ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ မူလတန်းကြိုကျောင်းသားများအား သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ရေးအတွက် သင့်တော်သည့် အဝတ်အစားများအား ဝတ်ဆင်ခွင့်ပြုကြောင်း ပညာရေးဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့ပြီးနောက် ယခုညွှန်ကြားချက်ထုတ်ပြန်ခြင်းဖြစ်သည်။ မူလတန်းကြိုကျောင်းသားများအား ကျောင်းသို့ စေလွှတ်ခြင်းမပြုမီ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရန်အတွက် မိဘများက သင့်တော်သည့်အစီအစဉ်များဆောင်ရွက်နိုင်ပြီး ကလေးများအတွက် ထုတ်လုပ်ထားသည့် ခြင်ဆေးများကိုလည်း သုံးစွဲကာ ခြင်ကိုက်မခံရရေးအတွက် ဆောင်ရွက်ရမည်ဟု ၎င်းက ပြောကြားသည်။
ယခုနှစ်ဇူလိုင်လအထိ သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရသူ၆၈၆၇၂ ဦး ရှိပြီး ၄၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ


