ရန်ကုန် ဇူလိုင် ၁၆
အာဆီယံအမွေအနှစ်စာရင်းဝင် မြိတ်ကျွန်းစုရှိ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ် ဝါးအလယ်ကျွန်းအပန်းဖြေစခန်းသို့ ယခုနှစ် ပွင့်လင်းခရီးသွားရာသီ၌ ယမန်နှစ်ကထက် ဥရောပနိုင်ငံများမှ ခရီးသွားများ ပိုမိုဝင်ရောက်လာမည်ဟု ခန့်မှန်းထားကြောင်း ဝါးအလယ်ကျွန်း အပန်းဖြေစခန်းမှ သိရသည်။
သဘာဝကိုအခြေခံ၍ ဖွင့်လှစ်ထားသည့် ဝါးအလယ်ကျွန်းအပန်းဖြေစခန်းကို ယခုနှစ် ခရီးသွားရာသီဖြစ်သည့် နိုဝင်ဘာလမှစ၍ ဖွင့်လှစ်သွားမည်ဖြစ်သည်။ “ဝါးအလယ်ကျွန်းဟာ မူလကတည်းက လှပပြီးသားဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ထိခိုက်မှု မရှိအောင် ထိန်းသိမ်းထားတဲ့အတွက် မနှစ်ကထက် ဒီနှစ်ခရီးသွားရာသီမှာ ဥရောပနိုင်ငံက ခရီးသွားတွေ ပိုပြီးဝင်လာမယ်လို့ မျှော်မှန်းထားပါတယ်” ဟု ဝါးအလယ်ကျွန်း အပန်းဖြေစခန်းမှ အထွေထွေမန်နေဂျာ ဦးအောင်ဇင်လတ်က ပြောသည်။
ဝါးအလယ်ကျွန်းသည် သဘာဝပတ်ဝန်းကျင်ကို အဓိကထိန်းသိမ်းထားသည့် အပန်းဖြေစခန်း တစ်ခုဖြစ်ပြီး နိုင်ငံတကာခရီးသွားများ အထူးစိတ်ဝင်စားကာ ဥရောပနိုင်ငံမှ ခရီးသွားများ အများဆုံးလာရောက်လည်ပတ်ကြောင်း သိရသည်။
အပန်းဖြေစခန်းသို့ ရောက်ရှိလာကြသည့် နိုင်ငံခြားသားခရီးသွားများအနေဖြင့် ပင်လယ်ကမ်းခြေတွင် ကယက်လှေစီးခြင်း၊ ရေငုပ်ခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ကြည့်ရှုလေ့လာခြင်းတို့ ပြုလုပ်ကြသည်။ ထို့ပြင် ဆလုံတိုင်းရင်းသားတို့၏ လူနေမှုဘဝပုံစံ၊ သန့်ရှင်းသာယာလှပသည့် လငန်းကျွန်းစံပြရွာရှိ ဆလုံနှင့် မြန်မာတို့၏ လူနေမှုဘဝပုံစံနှင့် ကျွန်းအလှတို့ကို အထူးစိတ်ဝင်တစား ကြည့်ရှုလေ့လာလေ့ရှိကြသည်။
သတင်း- ဥဿ၊ ဓာတ်ပုံ - ကိုလွင်


