မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည်။ နိုင်ငံလူဦးရေအများစုသည် ကျေးလက်ဒေသများတွင် နေထိုင်ကြသည့် တောင်သူလယ်သမားများ ဖြစ်ကြသည်။ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ တောင်သူလယ်သမားအများစုသည် ရှေးအစဉ်အဆက်ကတည်းက စိုက်ပျိုးရေးလုပ်ငန်းများကို မိရိုးဖလာဓားမဦးချ ပုံမှန်လုပ်ကိုင်ကြသည်။ မျက်မှောက်ကာလတွင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ နိုင်ငံတော်၏ အားပေးကူညီမှုဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို ရှေးယခင်ထက် တိုးတက်လုပ်ဆောင်လာနိုင်ကြသည်။
သို့သော် တောင်သူလယ်သမားများသည် လက်ရှိဖြစ်ပေါ်နေသော လူသားအရင်းအမြစ်ရှားပါးမှု၊ ရာသီဥတုပြောင်းလဲဖောက်ပြန်မှု၊ သွင်းအားစုများဈေးနှုန်းကြီးမြင့်မှု၊ လမ်းပန်းဆက်သွယ်ရေးမဖြောင့်ဖြူးမှု စသည့်အခက်အခဲအမျိုးမျိုးတို့ကြောင့် တောင်သူလယ်သမားအများစု၏ လူမှုစီးပွားဘဝများမှာ မျှော်မှန်းသလောက် မြင့်မားလာခြင်းမရှိသည်ကို တွေ့ရသည်။ တောင်သူလယ်သမားများအနေဖြင့် အခက်အခဲအမျိုးမျိုးကြားမှ ရုန်းကန်ဆောင်ရွက်နေကြဆဲဖြစ်သည်။ တောင်သူလယ်သမားများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများက ကူညီဖြည့်ဆည်းပေးလျက်ရှိသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည့်စုံလုံလောက်အောင် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပေ။
ယခုအခါ ဒီမိုကရေစီတည်ဆောက်မှု အင်္ဂါရပ်များနှင့်အညီ ပြည်သူ့ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍများမှာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာသည်ကိုတွေ့နိုင်သည်။ ပြည်သူက ရွေးချယ်တင်မြှောက်ပေးသည့် ပြည်သူ့ကိုယ်စားလှယ်များဖြစ်၍ သက်ဆိုင်ရာမဲဆန္ဒနယ်မြေအလိုက် ပြည်သူ့အကျိုးစီးပွားများကို ဖော်ထုတ်ဖြည့်ဆည်းကူညီပေးလျက်ရှိသည်။ လတ်တလောတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတို့အပေါ် လေ့လာသုံးသပ်၍ ဥပဒေဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိသည်။ တောင်သူလယ်သမားများ အကျိုးစီးပွားနှင့်ပတ်သက်၍ ဥပဒေရေးရာအပြင် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။ တောင်သူလယ်သမားများသည် နိုင်ငံ့လူဦးရေ ၇၀ ရာခိုင်နှုန်းအတွင်း ကျင်လည်နေသဖြင့် တောင်သူလယ်သမားအကျိုးစီးပွားများကို ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်သည်။
လွှတ်တော်တွင် တောင်သူလယ်သမားရေးရာကော်မတီကို ဖွဲ့စည်းထားရှိပြီး ကော်မတီအနေဖြင့် ယနေ့တောင်သူလယ်သမားများ အမှန်တကယ်ကြုံတွေ့နေရသည့် အခက်အခဲများအနက် သွင်းအားစုဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးစရိတ်ချေးငွေ အချိန်မီရရှိရေးဆိုင်ရာကိစ္စရပ်များ၊ ထိုက်သင့်သည့် စပါးဈေးနှုန်းရရှိရေးဆိုင်ရာကိစ္စရပ်များကို အသေးစိတ်လေ့လာပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်သည်။ လွှတ်တော်အနေဖြင့် တောင်သူလယ်သမားများနှင့်သက်ဆိုင်သည့် “လယ်ယာ၊ ကိုင်းကျွန်း၊ ဥယျာဉ်ခြံမြေမှထွက်ရှိသော ထွက်ကုန်သီးနှံဈေးနှုန်း ထိန်းညှိရေးကော်မရှင်” ဖွဲ့စည်းရန်အဆိုကို အတည်ပြုပေးခဲ့သည်။ တောင်သူလယ်သမားများ ရင်ဆိုင်နေရသည့် လယ်ယာမြေပြဿနာများ၊ လုပ်သားရှားပါးမှုပြဿနာများ၊ ရာသီဥတုဖောက်ပြန်မှုနှင့် သဘာဝဘေးအန္တရာယ်များ၊ ကြွေးမြီသံသရာပြဿနာများကို ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်သည်။
တောင်သူလယ်သမားများအရေးအတွက် နိုင်ငံတော်အစိုးရက အထူးအလေးထားဆောင်ရွက်နေသည်ဖြစ်၍ လွှတ်တော်ကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သည့်သဘောဖြစ်သည်။ လွှတ်တော်အနေဖြင့် တောင်သူလယ်သမားနှင့် ပတ်သက်သည့် ဝန်ကြီးဌာနများ၊ အခြားသောအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပ လူမှုရေးအဖွဲ့အစည်းများနှင့်တွေ့ဆုံပြီး ရရှိလာသည့် အချက်အလက်များအပေါ်မူတည်၍ လွှတ်တော်တွင် တောင်သူလယ်သမားအကျိုးစီးပွားများအတွက် အဆိုတင်သွင်းခြင်း၊ မေးခွန်းမေးမြန်းခြင်း၊ အတည်ပြုခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည်။ ကော်မတီအနေဖြင့် တောင်သူလယ်သမားအကျိုးစီးပွားကာကွယ်ရေးဥပဒေကို စိစစ်ရာတွင် သွင်းအားစုများ ဈေးနှုန်းချိုသာစွာရရှိရေး၊ သီးနှံဈေးနှုန်းတည်ငြိမ်ရေး၊ သီးနှံသိုလှောင်ရေးစနစ်နှင့် ဈေးကွက်ရရှိရေး၊ လယ်ယာနည်းပညာများနှင့် ရာသီဥတုအလိုက် စိုက်ပျိုးရေးအကြံပြု ဝန်ဆောင်မှုပေးရေး စသည့်ပြဋ္ဌာန်းချက်များ ပြည့်စုံစွာပါရှိရေးကို စိစစ်ဆောင်ရွက်ကြမည်ဖြစ်သည်။
ထို့ပြင် လိုအပ်ပါက တောင်သူလယ်သမားများနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများဆိုင်ရာ ဥပဒေများနှင့်ပတ်သက်၍ အားလုံးလွှမ်းခြုံနိုင်သော တောင်သူလယ်သမားအကျိုးစီးပွားကို ကာကွယ်ပေးနိုင်မည့် ဥပဒေတစ်ရပ်ပေါ်ထွန်းလာရေး ကြိုးစားဆောင်ရွက်ကြခြင်းဖြင့် တိုင်းပြည်စားရေရိက္ခာဖူလုံရေးနှင့် စီးပွားရေး မြင့်မားတိုးတက်ရေးအတွက် အရေးပါသည့် တောင်သူလယ်သမားများ အားကိုးအားထားပြုနိုင်သော လွှတ်တော်တစ်ရပ်ဖြစ်လာအောင် လွှတ်တော်ကိုယ်စားလှယ်အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။


