မန္တလေး ဇူလိုင် ၁၇
မန္တလေးမြို့ မြစ်ငယ်ကုန်းတွင်းဆိပ်ကမ်းရှိ Mandalay Commercial Complex က ပို့ကုန် လုပ်ငန်းရှင်များအတွက် One Stop Service စနစ်ဖြင့် ပို့ကုန်လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ကုန်သွယ်ရေးဦးစီးဌာန ပို့ကုန်သွင်းကုန်ရုံး (မန္တလေး)မှ သိရသည်။
ထိုကဲ့သို့ One Stop Service စနစ်ဖြင့် ဆောင်ရွက်ပေးသည့် ပို့ကုန်လုပ်ငန်းစဉ်များအား အသိပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါဆိပ်ကမ်း၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် တက်ရောက် အမှာစကား ပြောကြားသည်။
ထို့ပြင် ကုန်းတွင်းဆိပ်ကမ်း General Warehouse ၌ ကုန်ပစ္စည်းများ ဝင်ရောက်မှု၊ သိုလှောင်မှုနှင့် သယ်ဆောင်မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်း ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပို့ကုန်လုပ်ငန်းရှင်များ၏ ပို့ကုန် တင်ပို့နိုင်မှုနှင့် ပို့ကုန်အလား အလာ၊ ပြည်ပသို့ ပြောင်းနှင့် သကြားများ တိုက်ရိုက်တင်ပို့နိုင်မှု၊ မြစ်ငယ်မှ ရန်ကုန်ရှိ Dry Port နှင့် သတ်မှတ်ထားသည့်ဆိပ်ကမ်းများအထိ ကွန်တိန်နာများကို ရထားဖြင့် စနစ်တကျ ချိတ်ဆက်ပို့ဆောင်ပေးနေမှုတို့နှင့် စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


