နေပြည်တော် ဇူလိုင် ၁၇

လယ်ဝေးနှင့် ဒလမြို့နယ်တို့တွင် ပင်လယ်ပြင်သို့ ပို့ဆောင်မည့် ငွေကျပ် ၂၀ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ကီလို ၈၀၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ ဇူလိုင် ၆ ရက် ည ၁၀ နာရီခွဲတွင် လယ်ဝေးမြို့နယ် တောင်စဉ်အေးကျေးရွာ အနီး၌ ကျော်ဦး မောင်းနှင်ပြီး ဇော်ဇော်ထွန်း လိုက်ပါလာသည့် GOVZCT ခြောက်ဘီးယာဉ်ပေါ်မှ အိုက်စ် (မက်သ်အဖက်တမင်း) ကီလို ၅၀၀ (၎င်းဒေသတန်ဖိုး ငွေကျပ် ၁၂ ဒသမ ၅ ဘီလီယံ) သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ဇူလိုင် ၇ ရက် ည ၇ နာရီခွဲတွင် သိမ်းဆည်းရမိ အိုက်စ် (မက်သ် အဖက်တမင်း)များ သယ်ဆောင် ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် ဇေယျာလင်းနှင့် ထွေးမင်းဇော်တို့ နှစ်ဦးကို မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းဆုံတွင် လည်းကောင်း၊ ဇူလိုင် ၈ ရက် နံနက် ၈ နာရီခွဲတွင် မျိုးသန်းအား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၂၉)ရပ်ကွက်၌ TOYOTA HILUX SURF ယာဉ်တစ်စီးနှင့် လည်း ကောင်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ ဖော်ထုတ်ချက်အရ ယင်းနေ့နံနက် ၁၁ နာရီခွဲတွင် ဝေထွန်း ပိုင်ဆိုင်သည့် ဒလမြို့ မှောက်စက်ရပ်ကွက် ရန်ကုန်မြစ်ကမ်းတွင် ဆိုက်ကပ် ထားသော မိဘမေတ္တာ(၁) စက်လှေပေါ်မှ ခင်မောင်ထွန်း၊ စမျိုးမင်း၊ ကျော်ကျော်ဝင်း၊ ဝင်းနိုင်ဦး၊ မိုးဇော်ဦး၊ မောင်မောင်၊ ချိုလွင်၊ သန်းဝေ၊ လှမျိုးခိုင်၊ မြင့်ခိုင်တို့ ၁၀ ဦးအား အိုက်စ်(မက်သ်အဖက် တမင်း) ကီလို ၃၁၀(၎င်းဒေသ တန်ဖိုး ငွေကျပ် ၇ ဒသမ ၇၅ ဘီလီယံ)နှင့်အတူ ဆက်လက် ဖမ်းဆီးရမိခဲ့သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက် တမင်း)များကို ပင်လယ်ပြင်သို့ သယ်ဆောင်ရာတွင် ပူးပေါင်း ပါဝင်သူ ကျော်ဦးအား ကွမ်းခြံကုန်းမြို့နယ်၌ လည်းကောင်း၊ ရာဇာဟိန်း(ခ) ရာဇာအား ဗိုလ်တထောင်မြို့နယ်၌လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များ အား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ရန်ကုန်သို့ တာဝန်ခံသယ်ဆောင်သူမှာ လားရှိုးမြို့နယ် ပန်ဟိုး ကျေးရွာနေ ရန်ကြားရှော(ခ)ကုလား(ခ)ရန်ကုလား(ဖမ်းဆီးရန် ကျန်)ဖြစ်ပြီး ရန်ကုန်မှ ပင်လယ် ပြင်သို့ တင်ပို့ရာတွင် အဓိက စီမံခန့်ခွဲသူမှာ မှော်ဘီမြို့နယ် ညောင်ပင်သာရွာနေ ဝေထွန်း (ဖမ်းဆီးရန်ကျန်) ဝီလျံထွန်းကုမ္ပဏီ ပိုင်ရှင်ဖြစ်ပြီး ၎င်းနှင့်အတူ ပူးပေါင်းပါဝင်သော ဝီလျံထွန်းကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်သည့် ဒေါပုံမြို့ နွယ်အေးရပ်ကွက်နေ မြတ်သူ(ခ)မြတ်သစ်(ဖမ်းဆီးရန်ကျန်)၊ တာမွေမြို့နယ်နေ ရာဇာဟိန်း(ခ)ရာဇာ၊ မြောက်ဒဂုံ မြို့နယ်နေ မျိုးသန်းတို့သည် ရန်ကုန်မှတစ်ဆင့် ပင်လယ်ပြင်သို့ သယ်ဆောင်ရောင်းဝယ်ခဲ့သူများဖြစ်သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေး အကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

သတင်းစဉ်