အော့တဝါ ဇူလိုင် ၁၇
ကနေဒါနိုင်ငံ အရှေ့အလယ်ပိုင်း၌ တောမီးများ ပျံ့နှံ့လောင်လျက်ရှိရာ နယူးယောက်မြို့အပါအဝင် နေရာအတော်များများတွင် လေထုအရည်အသွေး ကျဆင်းမှုကို ကြုံတွေ့နေရသည်။ မီးခိုးငွေ့များကြောင့် လေထုညစ်ညမ်းနေသဖြင့် ပြည်သူများအနေဖြင့် အပြင်ထွက် သွားလာလှုပ်ရှားမှုများကို ရှောင်ကြဉ်ကြရန် အာဏာပိုင်များက အကြံပြုထားသည်။
အပူချိန်မြင့်မားမှု၊ မိုးကြိုးပစ်ခတ်မှုနှင့် အခြားသောအခြေအနေများကြောင့် အွန်တေရီ ယိုပြည်နယ်၏ နေရာအများစုတွင် တောမီးလောင်လျက်ရှိပြီး ထောင်နှင့်ချီသော ဒေသခံများ ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် အမိန့်ထုတ်ထားရသည်။
မီးသတ်သမားများသည် ဇူလိုင် ၁၆ ရက်အထိ ရဟတ်ယာဉ်များအသုံးပြု၍ မီးတောက် များကိုငြှိမ်းသတ်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ အစိုးရသည် ပြည်နယ်နှင့် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် အနီးကပ် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးက ဇူလိုင် ၁၆ ရက်တွင် ပြောကြားသည်။ လိုအပ်သည့် အကူအညီများကိုလည်း အစိုးရ က ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မီးခိုးငွေ့များသည် ကနေဒါနိုင်ငံရှိ နေရာအတော်များများသာမက နယူးယောက်မြို့အထိ ပါ ပျံ့နှံ့ရောက်ရှိနေသည်။ မီးခိုးငွေ့များကြောင့် မြင်ကွင်းရှင်းလင်းမှုလျော့ကျနေပြီး အပြင် ထွက်သွားလာလှုပ်ရှားမှုများကို ရှောင်ကြဉ်ကြရန် ဒေသခံများအား သတိပေးထားသည်။
အင်န်အိတ်ချ်ကေ


