နေပြည်တော် ဇူလိုင် ၂၀
ရန်ကုန်တိုင်း ဒေသကြီး ကြည့်မြင်တိုင်မြို့နယ်နှင့် ဒေါပုံမြို့နယ်တို့၌ ဇူလိုင် ၁၉ ရက်က ဓားဦးချွန်၊ ပုဆိန်နှင့် လက်လုပ်မှိန်းတို့ကို ကိုင်ဆောင်သူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၉ ရက် ည ၇ နာရီ မိနစ် ၅၀ တွင် ကြည့်မြင်တိုင်မြို့နယ် ကြည့်မြင်တိုင် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေအတွင်း လှည့်ကင်းတာဝန် ဆောင်ရွက်နေစဉ် အိုးဘိုရပ်ကွက် စာတိုက်ကားမှတ်တိုင်အနီး၌ မသင်္ကာဖွယ်တွေ့ရှိသူ အဆိုပါရပ်ကွက်နေ စိုးသီဟ (ခ) ဘိုစိုး (၄၁) နှစ်အား စစ်ဆေးခဲ့ရာ ၎င်း၏ လွယ်အိတ်အတွင်းမှ ဓားဦးချွန် တစ်ချောင်းကို တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုးသီဟ (ခ) ဘိုစိုးအား ကြည့်မြင်တိုင် မြို့မရဲစခန်း (ပ) ၃၆၂/ ၂၀၂၆၊ လက်နက် ဥပဒေပုဒ်မ ၂၃ (က) ဖြင့် လည်းကောင်း။
အလားတူ ည ၁၀ နာရီခွဲတွင် ဒေါပုံမြို့နယ် ဒေါပုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ယမုံနာ (၂) ရပ်ကွက် သင်္ဘောကျင်းလမ်းအရောက်၌ နွယ်အေးရပ်ကွက်နေ သန်းဝင်းထွန်း (ခ) ကုလားကြီး (၄၃) နှစ်အား အရိုး/ အသွား ၁၅ လက်မခန့်ရှိ ပုဆိန်တစ်လက်နှင့် လက်လုပ်မှိန်းတစ်ချောင်းကို ကိုင်ဆောင်ရမ်းကားနေသည်အား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် သန်းဝင်းထွန်း (ခ) ကုလားကြီးကို ဒေါပုံမြို့မရဲစခန်း (ပ) ၇၈၂/ ၂၀၂၆၊ လက်နက် ဥပဒေပုဒ်မ ၂၃ (က) ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား


