ရန်ကုန် ဇူလိုင် ၂၀
ဆေးတက္ကသိုလ်(၁) ရန်ကုန်ပါမောက္ခချုပ်ဖလား မိုးရာသီဘောလုံးပြိုင်ပွဲ(၂၀၂၆) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် သထုံလမ်းရှိ တက္ကသိုလ်များ ဘောလုံးကွင်း၌ ကျင်းပသည်။
ဗိုလ်လုပွဲတွင် ဆေးပညာတတိယနှစ်သင်တန်းကိုယ်စားပြု Titan အသင်းနှင့် ဆေးပညာစတုတ္ထနှစ်သင်တန်း ကိုယ်စားပြု Myriad အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ Titan အသင်းက နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိသည်။
ထို့နောက် ပထမဆုရ Titan အသင်း၊ ဒုတိယဆုရ Myriad အသင်း နှင့် တတိယဆုရ Uno အသင်းတို့အား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် အကောင်းဆုံးဂိုးသမားဆုရ ဆေးပညာစတုတ္ထနှစ်သင်တန်းမှ မောင်အောင်ခန့်မင်း၊ နောက်တန်းအကောင်းဆုံးကစားသမားဆုရ ဆေးပညာတတိယနှစ်သင်တန်းမှ မောင်အောင်မြင့်မြတ်၊ အလယ်တန်း အကောင်းဆုံးကစားသမားဆုရ ဆေးပညာစတုတ္ထနှစ် သင်တန်းမှ မောင်ဂျွန်မင်းမြတ်၊ ဂိုးသွင်းအများဆုံးဆုနှင့် ရှေ့တန်း အကောင်းဆုံးကစားသမားဆုရ ဆေးပညာတတိယနှစ်သင်တန်းမှ မောင်ဥက္ကာလှိုင်ဦး၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုရ ဆေးပညာစတုတ္ထနှစ်သင်တန်းမှ မောင်ထွန်းအောင်လွင်တို့အား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


