မော်လမြိုင် ဇူလိုင် ၂၂
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေးဦးစီးဌာန နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန (မော်လမြိုင်) သုတေသန ခန်းမဆောင်၌ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ရော်ဘာ စိုက်ပျိုးထုတ်လုပ်မှု မြင့်မားလာစေရေး၊ ဒေသရာသီဥတုနှင့် ကိုက်ညီသည့် ရော်ဘာမျိုးများကို ဦးစားပေး စိုက်ပျိုးသွားရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးသည်။
ထို့နောက် နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန(မော်လမြိုင်)ရှိ သုတေသန ဌာနခွဲများ၌ မြေ၊ ရေ၊ ဓာတ်မြေဩဇာ၊ မျိုးကောင်း၊ မျိုးသန့်များ နမူနာဓာတ်ခွဲစစ်ဆေးမှု၊ သုတေသန စမ်းသပ်ကွက်များမှ ရော်ဘာစေးများအား အဆင့်မြင့် ရော်ဘာပြားများ ထုတ်လုပ်မှုတို့ကို ကြည့်ရှုသည်။
ယင်းနောက် နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(မုဒုံ)ရှိ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံအတွင်း စံပြရော်ဘာပင်များ စိုက်ပျိုးထားရှိမှု၊ မုဒုံမြို့နယ် ဘဲရမ်းကျေးရွာ ဦးသိန်းဌေး၏ ဥစားဘဲမွေးမြူရေးခြံ၌ ဘဲအကောင်ရေ ၃၀၀၀ စီးပွားဖြစ်မွေးမြူ ထားရှိမှုကို ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ အစိုးရနည်းပညာ အထက်တန်းကျောင်း(မောင်လမြိုင်)ရှိ ကျောင်းသား ကျောင်းသူများနှင့် သွားရောက်တွေ့ဆုံ အမှာစကားပြောကြားပြီး အစိုးရနည်းပညာ အထက်တန်းကျောင်း (မော်လမြိုင်)နှင့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(ရွာလွတ်)မှ ကျောင်းသား ကျောင်းသူများအတွက် ဆန်နှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


