ဇူလိုင် ၂၃
ပါကစ္စတန်နိုင်ငံ၏ဒေသအချို့တွင် မုတ်သုံမိုးရွာသွန်းမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ လွန်ခဲ့သော ၂၄ နာရီအတွင်း နိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုနှင့်ဆက်စပ်သောဖြစ်ရပ်များတွင် လူ ၁၅ ဦးထက်မနည်း သေဆုံးပြီး ၄၀ ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင် အင်န်ဒီအမ်အေက ယမန်နေ့က ပြောကြားခဲ့သည်။
အရှေ့ပိုင်းပန်ဂျပ်ပြည်နယ်တွင် သေဆုံးသူ ကိုးဦး၊ ဒဏ်ရာရရှိသူ ၃၈ ဦးရှိပြီး အနောက်မြောက်ပိုင်း ခိုင်ဘာပက်တွန်ကွာပြည်နယ်တွင် လူ ခြောက်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ဇွန်လ ၂၆ ရက်နေ့မှစ၍ နိုင်ငံတစ်ဝန်းတွင် မုတ်သုံမိုးကြောင့် သေဆုံးသူဦးရေ ၇၂ ဦးအထိ မြင့်တက်လာပြီး ၁၈၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
စုစုပေါင်းပျက်စီးဆုံးရှုံးမှုတွင် အိမ်ခြေ ၃၀၁ လုံးနှင့် မွေးမြူရေးတိရစ္ဆာန် ၁၉၈ ကောင်ပါဝင်ပြီး လွန်ခဲ့သော ၂၄ နာရီအတွင်း အိမ်ခြေ ၃၁ လုံးနှင့် မွေးမြူရေးတိရစ္ဆာန် တစ်ကောင် သေဆုံးခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ နိုင်ငံ၏ဒေသအများအပြားတွင် မိုးရွာသွန်းမှုပိုမိုများပြားလာမည်ဟု ခန့်မှန်းထားရာ အာဏာပိုင်များက ဒေသခံများအား သတိပြုနေထိုင်ကြရန် တိုက်တွန်းထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


