မော်လမြိုင် ဇူလိုင် ၂၅
မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မရွေး ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်နိုင်ရန် အားကစားနည်းအလိုက် ပြိုင်ပွဲများ ကျင်းပဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ် မိုးရာသီ မုတ်သုံဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ငန်းတေးဂေါက်ကလပ်၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ဂေါက်သီးရိုက်အားကစားသမားများနှင့် ဖိတ်ကြားထားသည့် ဂေါက်သီးရိုက်အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ပါဝင်ယှဉ်ပြိုင်
ဦးစွာ ပြိုင်ပွဲဝင်အသင်းသားများက သတ်မှတ်နေရာများတွင် နေရာယူပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လူမှုရေးရာဝန်ကြီးနှင့် မော်လမြိုင်မြို့ ငန်းတေးဂေါက်ကလပ်အသင်းတာဝန်ရှိသူတို့က ပြိုင်ပွဲကို Color Ball ရိုက်၍ ဖွင့်လှစ်ပေးကာ ပြိုင်ပွဲဝင် ဂေါက်သီးရိုက်အားကစားသမားများက ပါဝင်ယှဉ်ပြိုင်ကြသည်။
မွန်းလွဲပိုင်းတွင် ဆုချီးမြှင့်ပွဲကျင်းပရာ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အတန်းလိုက်ပြိုင်ပွဲတွင် ဆုရရှိကြသူများနှင့် ရိုက်ချက်အကောင်းဆုံး ဂေါက်သီးရိုက်အားကစားသမားများအား ဆုများပေးအပ်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရရှိကြသော ပြိုင်ပွဲဝင် ဂေါက်သီးရိုက်အသင်းများအား ဆုဖလားနှင့် ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


