ပါဝါ

ရိုးသားခြင်း ကင်းမဲ့တဲ့အလင်းဟာ အမှောင်ထက် ပိုမိုကြောက်မက်ဖွယ်ကောင်းပါတယ်။ “မီးခိုးတာပဲ ဘာဖြစ်လဲ” ဆိုတဲ့ အတွေးသေးသေးလေးကနေ ဥပဒေကို မလေးစားတဲ့စိတ်ဓာတ် စတင်ပျိုးထောင်မိရာ ရောက်ပါတယ်။ ဒါဟာ လူ့အဖွဲ့အစည်းတစ်ခုလုံး စည်းကမ်းပျက်ပြားဖို့ လမ်းစခင်းပေးလိုက်ခြင်း ဖြစ်ပါတယ်။

လူတွေဟာ အမှောင်ထုကို မောင်းထုတ်ဖို့ အလင်းရောင်ကို ရှာဖွေကြပါတယ်။ ဒါပေမဲ့ မိမိ အိမ်ခန်းလေး လင်းထိန်ဖို့အတွက် တရားမဝင် စည်းကမ်းမဲ့ ရယူလိုက်တဲ့ လျှပ်စစ်အလင်းတန်းဟာ သင့်နောက်ကွယ်မှာ ပုန်းကွယ်နေတဲ့ ‘အမှောင်ရိပ်’ တစ်ခုဆိုတာ သတိပြုမိပါရဲ့လား။ ထိုအမှောင်ရိပ် ဟာ စာရိတ္တမွဲပြာကျမှုနဲ့ အတ္တဆန်မှုကို အခြေခံနေပါတယ်။ ဥပဒေကို မျက်ကွယ်ပြုပြီး ကိုယ်ကျိုး ရှာခြင်းဟာ လူမှုပတ်ဝန်းကျင်တစ်ခုလုံး ပျက်စီးစေမယ့် ‘တရားမဲ့ခြင်းရဲ့ နိဒါန်း’ ပဲ ဖြစ်ပါတယ်။

တရားမဝင် လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲမှု (Power Theft) ဆိုတာ လျှပ်စစ်ဓာတ်အားကို တရားဝင် မီတာတပ်ဆင်မှုမပြုဘဲ ရယူသုံးစွဲတာ သို့မဟုတ်တရားဝင်တပ်ဆင်ထားတဲ့ မီတာမှာ မသမာတဲ့နည်းလမ်းတွေ အသုံးပြုပြီး မိမိသုံးစွဲထားတဲ့ လျှပ်စစ်ဓာတ်အားပမာဏ(ယူနစ်) အပြည့် အဝအတွက် ဓာတ်အားခမပေးဆောင်ရစေဖို့ ဆောင်ရွက်ကြတာဖြစ်ပါတယ်။ ဒီလိုတရားမဝင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုတွေမှာ သာမန်မီတာတွေကစလို့ ခေတ်မီနည်းပညာမြင့် မီတာတွေအထိ မီတာလိုင်းကျော်သုံးခြင်း (Bypass)၊ မီတာအတွင်းပိုင်း အစိတ်အပိုင်းတွေကို မူလအနေ အထား ပျက်ယွင်းအောင် တိုးတက်လာတာနဲ့အမျှ မသမာသူတွေကလည်း ခေတ်မီဆန်းပြားတဲ့ နည်းလမ်းမျိုးစုံကို အသုံးပြုလာကြတာ တွေ့နေရပါတယ်။

သက်ရောက်မှုနဲ့ဆိုးကျိုးများ (Impacts & Consequences) ကတော့ တရားမဝင်လျှပ်စစ် ဓာတ်အားရယူသုံးစွဲမှုတွေကြောင့် ဓာတ်အားပျောက်ဆုံးမှုများလာပြီး ဓာတ်အားဖြန့်ဖြူးမှု စနစ်ရဲ့တည်ငြိမ်မှုကိုပါ ထိခိုက်ပါတယ်။ မိမိအိမ်မှာ မီးလင်းနေပေမယ့် အများပိုင်ဓာတ်အားလိုင်းကနေ ခိုးယူထားတာကြောင့် တရားဝင် မီတာတပ်ဆင် သုံးစွဲနေသူတွေဆီရောက်ရမယ့်ဗို့အားတွေ ကျဆင်းကုန်ပါတယ်။ထရန်စဖော်မာတွေမှာ မမျှော်မှန်းထားတဲ့ ဝန်အားကြောင့် ဝန်ပို (Overload) ထမ်းရတာ၊ လိုင်းကြိုးတွေ အပူလွန်ကဲတာ၊ လျှပ်စစ်ပစ္စည်းတွေ ထိခိုက်ပျက်စီးတာ၊ Short Circuit ဖြစ်ပြီး မီးလောင်တာတို့ဟာ ဆင့်ကဲဆင့်ကဲအားဖြင့် လူတို့အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်တွေ ဖြစ်ပါတယ်။

လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှု များပြားလာသည်နဲ့အမျှ ဓာတ်အားပျောက်ဆုံးမှုများလာပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနဲ့ ဖြန့်ဖြူးခြင်း လုပ်ငန်းစဉ်တစ်လျှောက် စီးပွားရေးနဲ့ နည်းပညာပိုင်းဆိုင်ရာအခက်အခဲတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ့အပြင် အဓိကဆိုးကျိုးက လျှပ်စစ် ကဏ္ဍမှာ ဝင်ငွေနဲ့အသုံးစရိတ် မကာမိခြင်းကြောင့် တိုးချဲ့တည်ဆောက်ရမယ့် စီမံကိန်းလုပ်ငန်းသစ် တွေအတွက် ထပ်မံရင်းနှီးမြှုပ်နှံဖို့ အခက်အခဲ အကျပ်အတည်းကို ဖြစ်ပေါ်စေပြီး ပုဂ္ဂလိကရင်းနှီး မြှုပ်နှံမှုကို ဖိတ်ခေါ်ရာမှာလည်း စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါတယ်။

တရားဥပဒေအရ ပြစ်ဒဏ်နဲ့ အရေးယူမှုအနေနဲ့ လျှပ်စစ်ဓာတ်အား တရားမဝင် ခိုးယူသုံးစွဲခြင်း အတွက် တည်ဆဲလျှပ်စစ်ဥပဒေအရ ထောင်ဒဏ်၊ ငွေဒဏ်အပြင် ဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲမှုနည်းလမ်း အရ သတ်မှတ်ထားတဲ့ လျော်ကြေး/ နစ်နာကြေး ပေးဆောင်စေခြင်း၊ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခြင်း၊လျှပ်စစ်ဓာတ်အားသုံးစွဲခွင့်ကို ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း၊ လုပ်ငန်းလိုင်စင်ပိတ်သိမ်းခြင်းတို့ကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ကြေညာထားပြီးဖြစ်လို့ ကျူးလွန်ထားသူတွေအနေနဲ့ ပြစ်ဒဏ်ကျခံရတော့ မှာဖြစ်ပါတယ်။ အလင်းရောင်ကို လူသားတိုင်း မက်မောပါတယ်။ ညဉ့်မှောင်မှောင်မှာ လျှပ်စစ် မီးရောင် မှိတ်တုတ်မှိတ်တုတ် မြင်ရုံနဲ့တင် ရင်ထဲနွေးထွေးမှုပေးစွမ်းနိုင်ပါတယ်။ ဒါပေမဲ့... အဲဒီ အလင်းရောင်ဟာ ရိုးသားမှုကင်းမဲ့တဲ့ ‘လောဘ’ အောက်ကနေ ပေါက်ဖွားလာတာဆိုရင်တော့ တစ်နေ့မှာ သင့်ကို ‘သောကမီးတောက်’ အဖြစ် ပြောင်းလဲသွားမှာပါပဲ။ ဥပဒေအရ စစ်ဆေးတွေ့ရှိ တဲ့အခါ ပြစ်ဒဏ်နဲ့ အရှက်ရမှုတွေကို ရင်ဆိုင်ရပါတယ်။

လောကနိယာမအရလည်း ပြစ်မှုဆိုတာ ကြာရှည်စွာဖုံးကွယ်ထားလို့မရဘဲ တစ်နေ့နေ့ တစ်ချိန်ချိန် ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့လည်း Digital မီတာတွေသာမက Analog မီတာတွေကိုပါ စောင့်ကြည့်စစ်ဆေးနိုင်တဲ့ စနစ်တစ်ခုကို တည်ဆောက်နေပြီဖြစ်လို့ မလွဲမသွေဓာတ်အား ခိုးယူသုံးစွဲမှုကို ဖော်ထုတ်လာနိုင်တော့မှာ ဖြစ်ပါ တယ်။ တစ်ဖက်မှာလည်း ဓာတ်အားခိုးယူသုံးစွဲမှုကြောင့် ပြည်သူတွေအပေါ် ထိခိုက်နစ်နာစေမှုတွေ ဖြစ်ပေါ်လျက်ရှိကြောင်း မီဒီယာတွေမှာ ဖော်ပြပေးနေမှုကြောင့် ပြည်သူတွေအနေနဲ့လည်း တိကျစွာ သတင်းပေးတိုင်ကြားလာမှု တဖြည်းဖြည်းများပြား လာတာမို့ ဓာတ်အားခိုးယူသုံးစွဲထားသူတွေအနေနဲ့ မကြာတော့သော ကာလအတွင်း ကျူးလွန်ထားတဲ့ တရားမဲ့ခြင်းတွေဟာ လူ့ပတ်ဝန်းကျင်မှာ ရှက်ဖွယ်ရာလုပ်ရပ်တွေအဖြစ် ပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်။

မသမာသောနည်းလမ်းတွေအသုံးပြုပြီး တရားမဝင် ဓာတ်အားရယူသုံးစွဲခဲ့မှုတွေကို စစ်ဆေး တွေ့ရှိတဲ့အခါ ယင်းပြစ်မှုကျူးလွန်ထားသူက ယခင်က ဓာတ်အားခမပေးဆောင်ဘဲ ရယူသုံးစွဲခဲ့တဲ့ ဓာတ်အားတွေအတွက် ပြန်လည်ပေးလျော်စေရမှာဖြစ်လို့ လျော်ကြေးငွေတွက်ချက်မှုကို ဓာတ်အားသုံးစွဲမှုအမျိုးအစားအလိုက် အမြင့်ဆုံးနှုန်းနဲ့ သတ်မှတ်ကောက်ခံ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

ပြည်သူသို့အသိပေးကြေညာချက်တွေကို ယခုကာလအတွင်း သတင်းစာ၊ ဆိုရှယ်မီဒီယာနဲ့ မြန်မာ့ ရုပ်မြင်သံကြားတို့မှတစ်ဆင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက မေတ္တာရပ်ခံဆောင်ရွက်မှုတွေ တွေ့နေရပါတယ်။ “လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများအနေဖြင့် မသမာသော နည်းလမ်းများကို အသုံးပြု၍ တရားမဝင်ဓာတ်အားရယူသုံးစွဲမှုများ ပြုလုပ်ထားပါက ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်အသိပေးကြပါရန်နှင့် ယင်းသို့ အသိ ပေးလာပါက ဖြေလျှော့ပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါကာလ ကျော်လွန် ပြီးချိန်တွင် စစ်ဆေးတွေ့ရှိရပါက လျှပ်စစ်ဥပဒေနှင့်အညီ ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊ မီတာ အသုံးပြုခွင့်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းနှင့် လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဌာနသို့ ဆက်သွယ်အသိပေးသူများအား ဓာတ်အားဖြတ်တောက်ခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း၊ ဒဏ်ကြေးငွေကျပ် ၃၀၀၀၀၀ တောင်းခံခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း၊ ၂၀၁၄ ခုနှစ် လျှပ်စစ်ဥပဒေ နှင့်အညီ တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း၊ လျော်ကြေးငွေတွက်ချက်ရာတွင် မူလသတ်မှတ်ချက်၏ ၅၀ ရာခိုင်နှုန်းကိုသာ ကောက်ခံခြင်းဖြင့် ဖြေလျှော့ပေးနေကြောင်း” ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ကြေညာထားတာ တွေ့နေရပါ တယ်။ ဝန်ကြီးဌာနက ဖြေလျှော့ပေးနေတဲ့ကာလမှာ တာဝန်သိပြည်သူတစ်ဦးအနေနဲ့ ဆက်သွယ် အသိပေးပြီး မိမိကိုယ်ကို ပြုပြင်သွားကြသင့်ပါတယ်။

ရိုးသားမှုနဲ့ရယူထားတဲ့ ဖယောင်းတိုင်တစ်တိုင်ရဲ့အလင်းဟာ တရားမဲ့စွာခိုးယူထားတဲ့ လျှပ်စစ်မီး ထက် ပိုမိုတောက်ပပြီး သိက္ခာရှိပါတယ်။ အလင်းရောင်နောက်က အမှောင်ရိပ်တွေကို မောင်းထုတ်ပြီး တရားဥပဒေစိုးမိုးရေးနဲ့ ဘေးကင်းလုံခြုံတဲ့ လူမှုအသိုက်အဝန်းဆီသို့ ဦးတည်လျှောက်လှမ်းကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ ။