ချို (ပညာရေး)

ပညာရေးသည် ရပ်တန့်၍ရသောအရာ မဟုတ်သည့် “လူတို့၏အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုနှင့် သဘောထားအယူအဆအမြင်တို့ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရသည့် ဖြစ်စဉ် ဖြစ်သည်” ဟု ပညာရှင်များက အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသည်။

၂၁ ရာစုခေတ်သည် ပညာခေတ်ဖြစ်သည့် အားလျော်စွာ ဘဝခရီးဖြတ်သန်းရာတွင် ပညာသည် မရှိမဖြစ် လိုအပ်မည့်အရာ၊ အဆုံးအဖြတ် တစ်ခုဖြစ်သည့်အတွက် ခေတ်ရေစီးကြောင်းနှင့် အညီ လိုက်ပါနိုင်ရန် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူနိုင်ရေးအတွက် တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

ပညာသင်ယူရမည့်အရွယ် ကလေးများ စာသင်ခန်းတွင်မရှိဘဲ အကြောင်းအမျိုးမျိုးကြောင့် စာသင်ခန်းပြင်ပသို့ ရောက်ရှိသွားပါက အတုမြင် အတတ်သင်သည့်အရွယ်များဖြစ်၍ ကလေးများသည် ပတ်ဝန်းကျင်ဆိုးရိုက်ခတ်မှုများကြောင့် မူးယစ်ဆေးဝါးအား ငယ်ရွယ်စဉ်ကပင် သုံးစွဲတတ်လာခြင်း၊ အရွယ်မတိုင်မီ ဖို/မ ဆိုင်ရာ လိင်ကိစ္စများအပေါ် စိတ်ရောက်ရှိသွားခြင်း၊ ဖုန်း၊ အင်တာနက်အစရှိသည့် လူမှုကွန်ရက်များကို အကျိုးရှိရှိ သုံးစွဲခြင်းမရှိဘဲ အတုမယူသင့်သည့်အရာများကို အတုယူသည့်အတွက် အရွယ်မတိုင်မီ လမ်းမှားသို့ ရောက်သွားခြင်း၊ ဂိမ်းများအလွန်အကြူး ဆော့ကစားခြင်း၊ လမ်းပေါ်တွင် တောင်းရမ်းစားသောက်၍ လေလွင့်နေခြင်း၊ အရွယ်မတိုင်မီ ကလေးအလုပ်သမားဘဝသို့ ရောက်ရှိလာခြင်းစသော မမျှော်မှန်းနိုင်သည့် ဆိုးကျိုးများကို ရင်ဆိုင်ကြုံတွေ့လာနိုင်ပါသည်။ ဤဖြစ်ရပ်များသည် ကလေးလူငယ်များ အတွက်သာမက မိဘများ၊ ပတ်ဝန်းကျင်များ၊ ရပ်ရွာလူထုများနှင့် နိုင်ငံအတွက်ပါ လူ့စွမ်းအား အရင်းအမြစ်များဆုံးရှုံးမှုကို ဖြစ်ပေါ်စေပါသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်၏ ပုဒ်မ ၂၈ (က) ပါ ပြဋ္ဌာန်းချက်ဖြစ်သည့် “နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေးတိုးတက်စေရန်အတွက် အလေးထား ဆောင်ရွက်ရမည်” ဟူသည့် ပြဋ္ဌာန်းချက်အရ လည်းကောင်း၊ အမျိုးသားပညာရေးဥပဒေ(၂၀၁၄) ပုဒ်မ ၁၁၊ အခန်း(၅)တွင် “အမျိုးသားပညာရေးစနစ် အကောင်အထည်ဖော်ရာတွင် ကျောင်းပညာရေး၊ ကျောင်းပြင်ပပညာရေး၊ ကိုယ်တိုင်သင်ယူပညာရေးဟူ၍ ပညာရယူနည်း (၃)နည်းဖြင့် အကောင် အထည်ဖော်ရန်” ပြဋ္ဌာန်းချက်အရ လည်းကောင်း၊ အမျိုးသား ပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ပါ မဏ္ဍိုင် (၁) မဟာဗျူဟာ (၅) တွင် “အထူးလိုအပ်ချက်ရှိသော ကလေးများနှင့် အခွင့်အလမ်း နည်းပါးသောဒေသများနှင့် မိသားစုများမှ ကလေးများအတွက် ပညာရေးဝန်ဆောင်မှုများပေးခြင်း အပါအဝင် လူတိုင်းပညာရေးကို ပံ့ပိုးပေးခြင်း” အရ လည်းကောင်း ပညာရေးဝန်ကြီးဌာန၊ ကျောင်း ပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနက ကျောင်းပြင်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိ သွားသော ကျောင်းနေအရွယ်လွန် ကလေးများအတွက် သင်ကြားမှုအခွင့်အရေးကို ဒုတိယအကြိမ် ထပ်ဆောင်းဖော်ဆောင်ပေးနေသော ကျောင်းပြင်ပ ပညာရေး(Non-Formal Education)ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ကျောင်းပြင်ပပညာရေး (Non-Formal Edu-cation) ဆိုသည်မှာ သင်ရိုးညွှန်းတမ်းများကို အခြေခံ၍ သင်ယူလိုသူများ ပညာရည်မြင့်မားလာစေရန် ကျောင်းပညာရေးစနစ် ပြင်ပတွင် ပြင်ဆင် ပြောင်းလဲနိုင်သော နည်းလမ်းများဖြင့် စည်းရုံးသင်ကြားပေးသည့် ပညာရေးအစီအစဉ် ဖြစ်ပါသည်။ ကျောင်းပညာရေးကဲ့သို့ နေရာ၊ အချိန်၊ သင်ရိုးညွှန်းတမ်း၊ သင်ခွင့်ကန့်သတ်ချက်များကို တင်းကျပ်သောပုံစံဖြင့် ဆောင်ရွက်ခြင်းမဟုတ်ဘဲ အလျော့အတင်းပြုလုပ်နိုင်သော ပညာရေးစနစ် တစ်ခု ဖြစ်ပါသည်။

ထင်ရှားသော သာဓကတစ်ခုမှာ ကုန်းဘောင်ခေတ် နှောင်းပိုင်းတွင် မြန်မာနိုင်ငံတော်ကြီးအား ခေတ်မီနိုင်ငံတော်ကြီးအဖြစ် ပြောင်းလဲလိုသူ ကနောင်မင်းသားကြီး (၁၁၈၁-၁၂၁၈)နှင့် ယော အတွင်းဝန် ဦးဘိုးလှိုင် (၁၁၉၁-၁၂၄၅) တို့က လူငယ်များကို နိုင်ငံရပ်ခြားသို့ ပညာတော်သင်စေလွှတ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်စေခဲ့ပါသည်။ ထိုအထဲတွင် မောင်ရွှေဘင်ဦးဆောင်သည့် နိုင်ငံခြား ပညာတော်သင်များကို စုစည်းလျက် ကနောင် မင်းသားကြီး၏ အိမ်တော်တွင် အမြောက်ပစ်နည်း အပါအဝင် စက်မှုနည်းပညာများအား သင်တန်း ဖွင့်လှစ်သင်ကြားစေခဲ့သည်။ ကိုဩဒိနိတ် ဂျီဩမေတြီတွင် ယခုခေတ်အခေါ် (vertical) ကို ဒေါင်း ဟု လည်း‌ကောင်း၊ အလျားလိုက်(horizontal) ကို မြွေဟုလည်းကောင်း ဘာသာပြန်ဆိုသင်ပေးခဲ့ ကြောင်းကို သမိုင်းမှတ်တမ်းများအရ သိခဲ့ရသည်။

ထို့အပြင် မန္တလေးနန်းတော်တည်ဆောက်ရာတွင်လည်းကောင်း၊ စာတော်ပြန်ပွဲများ ကျင်းပရာတွင် လည်းကောင်း၊ ကျောင်းပြင်ပပညာရေးပုံစံဖြင့် ပညာသင်ယူခဲ့ကြကြောင်းနှင့် ထိုထက်စော၍ ပုဂံခေတ်ဘုရားစေတီများနှင့် သာသနာ့အဆောက်အအုံများ တည်ဆောက်ရာတွင်လည်း ကျောင်း ပြင်ပပညာရေးပုံစံကိုပင် အသုံးပြုသင်ကြားပေးခဲ့ကြကြောင်း လေ့လာတွေ့ရှိရပါသည်။ ခေတ် အဆက်ဆက်တွင် ကျောင်းပြင်ပပညာရေးပုံစံဖြင့် သင်ယူတတ်မြောက်ခဲ့ကြပြီး နိုင်ငံအကျိုးပြု ရဟန်း ပညာရှိ၊ လူပညာရှိပုဂ္ဂိုလ်များ ပေါ်ထွန်းခဲ့ကြောင်းကိုလည်း လေ့လာမှုများအရ သိရှိရပါသည်။

ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာပညာ‌ရေးဦးစီးဌာနက ဆောင်ရွက်နေသော ကျောင်းပြင်ပ ပညာရေးအစီအစဉ်များအနက် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းလုံးဝမနေခဲ့ ဖူးသော ကလေးများ၊ ကျောင်းနေခဲ့သော်လည်း မူလတန်းမပြီးဆုံးမီ ကျောင်းထွက်ခဲ့ရသော အသက် (၁၀-၁၄)နှစ်အတွင်း ကလေးများကို ကျောင်းပြင်ပ မူလတန်းပညာရေးတွင် လည်းကောင်း၊ အခြေခံ ပညာ အလယ်တန်းအဆင့် မပြီးဆုံးမီ ကျောင်းထွက်ခဲ့ရသော အသက်(၁၃-၁၈)နှစ်အတွင်း ကလေးများကို ကျောင်းပြင်ပ အလယ်တန်းပညာရေးတွင် လည်းကောင်း လက်ခံသင်ကြားပေးခြင်းဖြင့် ဒုတိယအကြိမ် ပညာသင်ယူမှုအခွင့်အလမ်း ထပ်မံဖြည့်ဆည်းပေးသည့် တန်းညှိအစီအစဉ် (Equi-valency Programme) တစ်ခု ဖြစ်ပါသည်။

လတ်တလောလိုအပ်ချက်အရ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိရေးနှင့် နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ် မဆုံးရှုံးစေရေးအတွက် အထူးအစီအစဉ် တစ်ရပ်အနေဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းပြင်ပမူလတန်းပညာရေးကို အသက် ၁၀ နှစ်မှ ၁၆ နှစ်အတွင်းတွင် လည်းကောင်း၊ ကျောင်းပြင်ပအလယ်တန်းပညာရေးကို အသက် ၁၃ နှစ်မှ ၂၁ နှစ်အတွင်းတွင် လည်းကောင်း အသက်ကန့်သတ်ချက်အား ဖြေလျှော့၍ Placement Test ဆောင်ရွက်ခြင်းဖြင့် လက်ခံသင်ကြားနိုင်ရေး စီစဉ်လျက်ရှိပါသည်။

ကျောင်းပြင်ပပညာရေးသို့ ဝင်ရောက်မည်ဆိုပါက ကျောင်းပြင်ပမူလတန်းပညာရေးနှင့် ကျောင်းပြင်ပအလယ်တန်းတို့အတွက် အတန်းအဆင့် နေရာချထားမှုကိုလည်း ကြိုတင်သိရှိထားရန် လိုအပ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းလုံးဝမနေဖူးသူကလေးများနှင့် အခြေခံ ပညာမူလတန်းအောက်ဆင့် တတိယတန်း (Grade-3) မပြီးဆုံးမီ ကျောင်းထွက်ခဲ့ရသော ကလေးများသည် ကျောင်းပြင်ပပညာရေး၏ အသက်သတ်မှတ်ချက်နှင့် ကိုက်ညီပါက ကျောင်း ပြင်ပမူလတန်းပညာရေး Level – 1 မှ စတင်၍ တက်ရောက်သင်ယူနိုင်ပါသည်။

အခြေခံပညာကျောင်းမှ မူလတန်းအောက်ဆင့် သင်ယူပြီးမြောက်ခဲ့သူများသည် ကျောင်းပြင်ပ မူလတန်းသို့ ဝင်ရောက်လိုပါက တန်းညှိအစီအစဉ်အရ Placement Test ကို ဖြေဆိုရမည်ဖြစ်ပြီး သတ်မှတ်ချက်နှင့်ကိုက်ညီပါက ကျောင်းပြင်ပ မူလတန်းပညာရေး Level –2 သို့ တက်ရောက်သင်ယူခွင့် ရရှိမည်ဖြစ်သည်။

အလားတူ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပညာရေး၏ အလယ်တန်းပညာရေး မပြီးဆုံးဘဲ ကျောင်းစောထွက်ခဲ့ရသော ကလေးများနှင့် အခြေခံပညာမူလတန်းပြီးမြောက် အောင်မြင် သူများသည် ကျောင်းပြင်ပ အလယ်တန်းပညာရေး၏ အသက်သတ်မှတ်ချက်နှင့်ကိုက်ညီပါက ကျောင်း ပြင်ပအလယ်တန်းပညာရေး (NFME) ၏ level-1 သို့ လည်းကောင်း၊ အခြေခံပညာအလယ်တန်း ဆဋ္ဌမတန်း (Grade-6) အောင်မြင်ပြီးပါက ကျောင်း ပြင်ပအလယ်တန်းပညာရေး (NFME) ၏ level-2 သို့လည်းကောင်း၊ အခြေခံပညာအလယ်တန်း သတ္တမတန်း (Grade-7) နှင့် အဋ္ဌမတန်း (Grade-8) အောင်မြင်ပြီးပါက ကျောင်းပြင်ပအလယ်တန်း ပညာရေး (NFME)၏ Level-3 သို့ လည်းကောင်း တက်ရောက်နိုင်မည်ဖြစ်သည်။

သို့သော် NFME သို့ ဝင်ရောက်လာသည့် ကျောင်းသားများအနက် NFPE ပြီးဆုံးပြီး NFME Level-1 သို့ တက်ရောက်သူများမှအပ တန်းညှိအစီ အစဉ်အရ ကျောင်းပညာရေး၊ (Formal Educa-tion)မှ အတန်းကူးပြောင်းဝင်ရောက်လာသော ကျောင်းသားကျောင်းသူများသည် ဦးစွာ Place-ment Test ဖြေဆိုရမည်ဖြစ်ပြီး သတ်မှတ်အရည်အချင်းပြည့်မီပါက သက်ဆိုင်ရာ Level အသီးသီးတွင် သင်ယူခွင့်ရရှိမည်ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့သင်ယူခဲ့သော ကျောင်းပညာရေး၏ အတန်း အလိုက် သင်ယူခဲ့သော ဘာသာရပ်အသီးသီးမှ သိသင့်သိထိုက်သော အကြောင်းအရာများကို ကြိုတင်လေ့လာပြင်ဆင်ထားရန် လိုအပ်မည် ဖြစ်ပါသည်။

ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ကို နှစ်စဉ်ပညာသင်နှစ်၏ ဇူလိုင်လ ၁ ရက်နေ့နှင့် ကျောင်းပြင်ပအလယ်တန်းပညာရေး (NFME) ကို ဩဂုတ်လ ၁ ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားပေး လျက်ရှိပါသည်။ ကျောင်းပြင်ပမူလတန်းနှင့် အလယ်တန်းပညာရေးဆိုင်ရာ သင်ရိုးညွှန်းတမ်း နှင့် မာတိကာများကို ခေတ်နှင့်အညီ လိုက်လျောညီထွေမှုရှိစေရန်နှင့် သင်ကြားသင်ယူမှုနည်းစနစ် များတွင် ကိုက်ညီမှုရှိစေရန်အတွက် ကျောင်းပညာရေး (Formal Education) ၏ (KG + G-12) စနစ်သစ်ပြောင်းလဲချိန်၌ပင် ပညာရှင်ဆရာကြီး၊ ဆရာမကြီးများပူးပေါင်း၍ စနစ်တကျ ပြင်ဆင် ရေးဆွဲခဲ့ပြီး အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ (NCC) ၏ အတည်ပြုချက်ဖြင့် ၂၀၂၄-၂၀၂၅ ပညာ သင်နှစ်မှစ၍ ကျောင်းပြင်ပအလယ်တန်းပညာရေး သင်ရိုးညွှန်းတမ်းအသစ်များနှင့်အတူ သင်ကြား ပို့ချပေးလျက်ရှိနေပါသည်။

ကျောင်းပြင်ပပညာရေး၏ စာသင်ချိန်သည် ကျောင်းသားအများစု တက်ရောက်နိုင်သော အဆင် ပြေမည့်အချိန်ကို သတ်မှတ်ပေးလျက် ပြောင်းလွယ်ပြင်လွယ်ဖြစ်သော သင်ယူနည်းပုံစံ (Flexible Learning Style) အသုံးပြု၍ သင်ယူသူကို ဗဟိုပြုသင်ကြားပေးသည့် နည်းစနစ်တစ်ခု ဖြစ်ပါသည်။ ကျောင်းပြင်ပမူလတန်းပညာရေး၌ စာသင်နှစ် နှစ်နှစ်ရှိပြီး စာသင်ချိန်သည် တစ်နှစ်လျှင် ရက်ပေါင်း ၂၂၀၊ တစ်ပတ်လျှင် ခြောက်ရက်၊ တစ်ရက်လျှင် နှစ်နာရီ၊ မိနစ် ၃၀ ဖြစ်၍ ကျောင်းပြင်ပ အလယ်တန်းပညာရေးတွင် စာသင်နှစ် သုံးနှစ်ရှိပြီး စာသင်ချိန်သည် တစ်နှစ်လျှင် ၂၁၄ ရက်၊ တစ်ပတ် လျှင် ခြောက်ရက်၊ တစ်ရက်လျှင် သုံးနာရီ ဖြစ်ပါသည်။

တန်းညှိပညာရေးအစီအစဉ်အရ ကျောင်းပြင်ပ မူလတန်းပြီးမြောက်အောင်မြင်ပါက အခြေခံပညာ အလယ်တန်းသို့ တက်ရောက်သင်ယူနိုင်သကဲ့သို့ ကျောင်းပြင်ပအလယ်တန်း ပြီးမြောက်အောင်မြင် ပါကလည်း အခြေခံပညာအထက်တန်းဆင့်နှင့် သက်မွေးပညာအထက်တန်းကျောင်းများ (စက်၊ စိုက်၊ မွေး) သို့လည်း တက်ရောက်သင်ယူနိုင်မည်ဖြစ်ရာ ကလေးများ၏ ဘဝတစ်လျှောက် အသက် မွေးဝမ်းကျောင်းနိုင်ရန်အတွက် ရွေးချယ်သင်ယူနိုင်မှု အခွင့်အလမ်းများရရှိအောင် ပညာရေးဝန်ကြီး ဌာနက အလေးထားဆောင်ရွက်ပေးလျက်ရှိပါသည်။

ကျောင်းပြင်ပမူလတန်း တက်ရောက်ကြသော ကျောင်းသား ကျောင်းသူများသည် တက်ရောက်ခွင့် ရရှိသည့် Level အလိုက် သတ်မှတ်ထားသော စာသင်ချိန်ပြည့်မီအောင် တက်ရောက်ရမည် ဖြစ်ပါသည်။ တတ်မြောက်မှု စစ်ဆေးခြင်းအတွက် ကျောင်းပြင်ပမူလတန်း၊ Level-1 ၏ နှစ်ဆုံး တတ်မြောက်မှုစစ်ဆေးခြင်းကို ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၏ မေးခွန်းဖြင့် စစ်ဆေးပြီး ကျောင်းပြင်ပမူလတန်း၊ Level - 2 နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းကို ရန်ကုန် ပညာရေးတက္ကသိုလ်၏အစီအစဉ်ဖြင့်ဆောင်ရွက်ထားသော စံထားစစ်ဆေးလွှာ (Standardized Test) ဖြင့် စစ်ဆေးလျက်ရှိပါသည်။

ကျောင်းပြင်ပအလယ်တန်း တက်ရောက်ကြသော ကျောင်းသား ကျောင်းသူများသည် စာသင် နှစ်ဝက်ကာလအတွင်း စစ်ဆေးအကဲဖြတ်ခြင်း (Ongoing Assessment) နှင့် စာသင်နှစ်ဝက်ဆုံး စစ်ဆေးခြင်း (Semester–end-test) တို့ဖြင့် တတ်မြောက်မှုကို စစ်ဆေးခြင်းခံရမည်ဖြစ်ပြီး ကျောင်းပြင်ပအလယ်တန်းပညာရေးအစီအစဉ်အရ တတိယအဆင့် (Level-3) သင်ယူပြီးမြောက်မှသာ သင်ယူပြီးမြောက်ကြောင်းလက်မှတ် Completion Certificate အား ထုတ်ယူခွင့်ပြုမည် ဖြစ်ပါသည်။

ကျောင်းပြင်ပပညာရေးသည် အတန်းရရန် အခွင့်အရေးတစ်ခုအနေဖြင့် ဖွင့်လှစ်ထားသည့် ပညာရေးမဟုတ်ဘဲ ၎င်းတို့၏ အသက်အရွယ်နှင့် ဖွံ့ဖြိုးမှုအလိုက် သင်ယူသင့်သည့် (သို့မဟုတ်) သင်ယူရမည့် အသိပညာ၊ အတတ်ပညာများကို အခြေခံကျကျ သိရှိတတ်မြောက်ရန် စနစ်တကျ စီစဉ်ဆောင်ရွက်ထားသော ပညာရေးအခွင့်အလမ်းကောင်း တစ်ခုဖြစ်သဖြင့် ရပ်ရွာအတွင်း အခြေ အနေအမျိုးမျိုးကြောင့် ကျောင်းမတက်ခဲ့ရသော (သို့မဟုတ်)ကျောင်းပြင်ပရောက်နေသော သက်လွန် ကလေးများအား ကျောင်းပြင်ပမူလတန်းပညာရေး၊ ကျောင်းပြင်ပအလယ်တန်းပညာရေးသို့ တက် ရောက်ပညာသင်ယူနိုင်ရေးအတွက် ဒေသအာဏာ ပိုင်အဖွဲ့အစည်းများ၊ မိဘဆွေမျိုးများ၊ လူမှုရေး အသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ထို့ကြောင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် လတ်တလောအခြေအနေအရ ကျောင်းပြင်ပ ‌ရောက်ကလေးများ၏ ပညာဆက်လက်သင်ယူခွင့်အတွက် “ပညာရေးနှင့် မဝေးရန်” မေတ္တာ၊ စေတနာ အရင်းခံဖြင့် ဖြေလျှော့မှုများပြုလုပ်ထားပြီး အထူးအစီအစဉ်ဖြင့် ဆောင်ရွက်မည့် ကျောင်းပြင်ပပညာ ရေး၏ Placement Test ကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးများ၏ ကြီးကြပ်မှုဖြင့် ၂၀၂၆ ခုနှစ် ဩဂုတ် ၉ ရက် (တနင်္ဂနွေနေ့) နံနက် ၉ နာရီမှ စတင်၍ ကျင်းပသွားမည်ဖြစ်ရာ မိဘပြည်သူများနှင့်တာဝန်ရှိသူများက မိမိရင်သွေးများ၊ မိမိပတ်ဝန်းကျင်ရှိ ကလေးလူငယ်များအတွက် ပညာသင်ယူခွင့် ရရှိရန် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

သို့ဖြစ်၍ မိမိတို့ရပ်ကွက်၊ ကျေးရွာအတွင်းရှိ ကျောင်းနေအရွယ်သက်လွန်ကလေးများ ဝင်ရောက် ဖြေဆိုနိုင်ရေး တာဝန်ရှိသူအားလုံး ဝိုင်းဝန်းစည်းရုံး‌ ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုး‌ဆော်လိုက်ရ ပါသည်။

ကျမ်းကိုး- မြန်မာနိုင်ငံ ပညာရေးသုတေသနအဖွဲ့ဦးစီးဌာန၊ မြန်မာနိုင်ငံ ကျောင်းပြင်ပပညာရေးမော်ကွန်း (၁၉၈၉-၂၀၀၄)