နေပြည်တော် ဇူလိုင် ၂၇

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ အမျိုးသားစာကြည့်တိုက်(ရန်ကုန်) နှင့် အမျိုးသားပြတိုက်(ရန်ကုန်) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

အမျိုးသားစာကြည့်တိုက် (ရန်ကုန်)

 

ဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ပန်းဘဲတန်း မြို့နယ် ကုန်သည်လမ်းရှိ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန အမျိုးသားစာကြည့်တိုက် (ရန်ကုန်)သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် စာကြည့်တိုက် ညီလာခံခန်းမ၌ စာကြည့်တိုက် တာဝန်ခံက စာကြည့်တိုက်သမိုင်း အကျဉ်းနှင့် စာကြည့်တိုက် လုပ်ငန်းစဉ်များ၊ ဒီဂျစ်တယ် စာကြည့်တိုက်လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ စာကြည့်တိုက် ဝန်ဆောင်မှု လုပ်ငန်းများနှင့် စာကြည့်တိုက် ပညာပြန့်ပွားရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ကလေး စာကြည့်တိုက် ဆောင်ရွက်ထားရှိမှု၊ စာကြည့်တိုက်သို့ ကျောင်းသား ကျောင်းသူများ လာရောက်လေ့လာနိုင်ရေး ဆောင်ရွက်ပေးထားမှုနှင့် လာရောက်လေ့လာမှု မှတ်တမ်းများ၊ စာကြည့်တိုက်စီမံခန့်ခွဲမှုပညာ ဒီပလိုမာသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိမှု၊ စာကြည့် တိုက်မှ စာအုပ်များ ငှားရမ်းဖတ်ရှုနိုင်ရေး ဆောင်ရွက်ပေးထားမှု၊ စာကြည့်တိုက်ပညာ ပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ စာပေနှင့် အနုပညာမူပိုင်ခွင့် ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတကာ စာကြည့်တိုက်များ၊ အဖွဲ့အစည်း များနှင့် ဆက်သွယ်ဆောင်ရွက်နေမှုနှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်လျက်ရှိမှု အခြေအနေ များ၊ စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်း တင်ပြမှုများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက စာကြည့်တိုက်ပညာ ပြန့်ပွားရေး လုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက် သွားရန်လိုကြောင်း၊ နိုင်ငံတော် အနေဖြင့် ကျောင်းပြင်ပပညာရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကျေးလက်ဒေသများ အပါအဝင် အမြို့မြို့အနယ်နယ်၌ စာကြည့်တိုက်များကို တည်ဆောက် ပေးလျက်ရှိပြီး စာအုပ်စာပေများကိုလည်း ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ သို့သော်လည်း မိမိတို့နိုင်ငံ၌ စာပေဖတ်ရှုသူနှုန်းမှာ နည်းပါးနေဆဲဖြစ်ပြီး စာကြည့်တိုက်များရှိ စာအုပ်စာပေများကို စနစ်တကျဖြင့် ထိန်းသိမ်းဆောင် ရွက်သွားရန်လည်း လိုအပ်နေသည်ကို တွေ့ရှိရကြောင်း၊ လူငယ် လူရွယ်များနှင့် အသိပညာ ဗဟုသုတ ရှာမှီးလိုသူများအနေဖြင့် စာကြည့်တိုက်သို့ လာရောက်၍ စာပေများ ဖတ်မှတ်လေ့လာနိုင်အောင် ဆောင်ရွက်ပေးရမည် ဖြစ်သကဲ့သို့ စာအုပ်စာပေများ ဖတ်ရှုလေ့လာစေရေး စည်းရုံး ပညာပေးဆောင်ရွက်သွားကြရန် လိုကြောင်း၊ ခေတ်ကာလတိုးတက် ပြောင်းလဲလာသည်နှင့် အညီ အွန်လိုင်းမှတစ်ဆင့်လည်း စာပေများကို ဖတ်မှတ်လေ့လာခြင်းများ ဆောင်ရွက်နိုင်ကြောင်း၊ အမျိုးသား စာကြည့်တိုက် (ရန်ကုန်)သည် နိုင်ငံတော်၏ သမိုင်းဝင်စာကြည့် တိုက်ကြီးတစ်ခု ဖြစ်ကြောင်း၊ သို့ဖြစ်၍ အဖိုးတန် သမိုင်းဝင် စာအုပ်စာစောင်များကို ပြည့်ပြည့် စုံစုံ ထိန်းသိမ်းထားရှိသွားရန်လို ပြီး သမိုင်းကြောင်းအထောက် အထားများသည် နိုင်ငံတော်၏ ယဉ်ကျေးမှုတန်ဖိုးများ၊ ပုံရိပ်မှန် များပင်ဖြစ်ကြောင်း၊ သမိုင်းကို အထောက်အကူပြုသည့် စာအုပ် စာပေများ၊ မှတ်တမ်းများကို ထားရှိသည့် စာကြည့်တိုက်တစ်ခု ဖြစ်ရန်လိုပြီး အနှစ်သာရရှိသည့် စာကြည့်တိုက်ဖြစ်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းများ ကို ဖတ်ရှုလေ့လာရခြင်းဖြင့် အမျိုးသားရေး စိတ်ဓာတ်များ ရှင်သန်လာပြီး နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များလည်း ပိုမို တိုးတက်လာမည် ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူ လူငယ် လူရွယ်များအတွက်လည်း အထောက်အကူ ဖြစ်စေမည့် စာကြည့်တိုက်ဖြစ်ရန်လိုကြောင်း၊ စာအုပ်စာပေများသည် သမိုင်း ကြောင်းအရ တန်ဖိုးမဖြတ်နိုင် သည့်အရာများ ဖြစ်သည့်အတွက် မပျောက်ပျက်စေရေး စနစ်တကျနှင့် လက်ဆင့်ကမ်းထိန်းသိမ်းသွား ကြရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လူဦးရေများပြားသော မြို့ကြီးများ၌ စာကြည့်တိုက်များအပြင် သမိုင်းကြောင်းအရ အဖိုးမဖြတ်နိုင်သည့်၊ တန်ဖိုးရှိသည့် စာအုပ်၊ စာပေများ၊ စာစောင်များ၊ သတင်းစာများ ပြည့်ပြည့်စုံစုံဖြင့် ထိန်းသိမ်းထားရှိသည့် ပြည်သူ့စာကြည့်တိုက် များကို ဖော်ဆောင်သွားကြရန် လိုကြောင်း ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတသည် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ပထမထပ်ရှိ ဒီဂျစ်တယ် စာကြည့်တိုက်၊ ဒုတိယထပ်ရှိ ရည်ညွှန်းစာဖတ်ခန်း၊ အထွေထွေ စာဖတ်ခန်း၊ ရှားပါးစာဖတ်ခန်း၊ တတိယထပ်ရှိ ကလေးစာကြည့်တိုက်၊ မြေညီထပ်ရှိ Data Center ၊ စာအုပ်စင်ခန်းနှင့် ပြခန်းငယ်တို့အတွင်း ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် စာဖတ် ခန်းများ ပြုလုပ်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား၍ စာကြည့်တိုက်ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

 

အမျိုးသားပြတိုက်(ရန်ကုန်)

 

ဆက်လက်၍ နိုင်ငံတော်သမ္မတ နှင့် အဖွဲ့ဝင်များသည် ဒဂုံမြို့နယ် ပြည်လမ်းရှိ အမျိုးသားပြတိုက် (ရန်ကုန်)သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုကြသည်။ ထို့နောက် ပြတိုက်အစည်းအဝေး ခန်းမတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြတိုက်နောက်ခံသမိုင်း အကျဉ်း၊ လုပ်ငန်းတာဝန်များ၊ ဝန်ထမ်းများ ခန့်အပ်ထားရှိမှု၊ ပြတိုက်အတွင်း စုဆောင်း၊ ထိန်းသိမ်း၊ ပြသထားရှိသည့် ပစ္စည်းများ၊ ပြတိုက်သို့ ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ၊ ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ လာရောက်ကြည့်ရှု လေ့လာမှု အခြေအနေများ၊ ပြခန်းများအလိုက် ပြသထားရှိမှုအခြေအနေများနှင့် ထိန်းသိမ်းရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ပြတိုက်ဘက်စုံခန်းမ၌ ပြည်တွင်း၊ ပြည်ပ အထူးပြပွဲများ ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့အား UNESCO စာရင်းတင်သွင်း နိုင်ရေးဆောင်ရွက်ချက်များ၊ (၄၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ အထိမ်းအမှတ် လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့မှု အခြေအနေများ၊ မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်များ စကားဝိုင်းဆွေးနွေးပွဲ နှင့် ပြပွဲအခမ်းအနားတွင် မြန်မာ့ လက်ဖက်၏ သမိုင်းနှင့် အရေးပါမှု၊ ထိန်းသိမ်းမှု နည်းလမ်းများနှင့် UNESCO စာရင်းဝင်နိုင်ရေး ဆောင်ရွက်ချက်များ၊ ပြည်တွင်း၊ ပြည်ပမှ နိုင်ငံတော်အဆင့်ဧည့်သည် တော်ကြီးများ လာရောက်လေ့လာ မှုမှတ်တမ်းများ၊ ပြတိုက်လုပ်ငန်းဆိုင်ရာ စာတမ်းဖတ်ပွဲများ ပြုလုပ် ဆောင်ရွက်လျက်ရှိမှု၊ Digital Museum ဖြစ်ပေါ်လာစေရေး နည်းပညာပိုင်းဆိုင်ရာ ဟောပြော ပွဲများ ဆောင်ရွက်လျက်ရှိမှု၊ ပြတိုက်ဝန်ထမ်းများအား အရည် အသွေး မြှင့်တင်ရေးဆိုင်ရာ သင်တန်းများနှင့် ဘွဲ့လွန်ပြတိုက် ပညာ ဒီပလိုမာသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိမှု၊ နိုင်ငံတကာ ပြတိုက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြမှုများ အပေါ် နိုင်ငံတော်သမ္မတက အမျိုးသား ပြတိုက်အနေဖြင့် နိုင်ငံတော်၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှု တန်ဖိုးများကို ဖော်ညွှန်းပြသနေ ခြင်းပင်ဖြစ်ပြီး မိမိတို့နိုင်ငံ၏ ခိုင်မာမှုရှိသည့် သမိုင်းကြောင်းများကို မြင်တွေ့ရမည်ဖြစ်ကြောင်း၊ လာရောက်လေ့လာ ကြည့်ရှုသူများအနေဖြင့် မိမိတို့နိုင်ငံ၏သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုတန်ဖိုးများကို သိရှိနားလည်ကာ တန်ဖိုးထား လိုစိတ်၊ ထိန်းသိမ်းလိုစိတ်များ ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း၊ ခေတ်များအလိုက် သမိုင်းမှတ်တမ်း တင်ထားမှုများကို ခိုင်ခိုင်မာမာ ပြသသွားနိုင်ရန် လိုကြောင်း၊ သမိုင်းကြောင်းများကို တစ်ဆက် တစ်စပ်တည်း ကြည့်ရှုလေ့လာ၍ မိမိတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် အစဉ်အလာကြီးမားသည့် အမျိုးဘာသာသာသနာ ယဉ်ကျေးမှုတန်ဖိုးများကို သိရှိနားလည်လာ မည်ဖြစ်ကြောင်း။

 

မိမိတို့နိုင်ငံသို့ လာရောက် လည်ပတ်ကြသည့်၊ လာရောက် တာဝန် ထမ်းဆောင်ကြသည့် ပြည်ပမှ ခရီးသွားဧည့်သည်များ အနေဖြင့်လည်း နိုင်ငံတော်၏ သမိုင်းကြောင်းဆိုင်ရာ အထောက် အထားများကို ကြည့်ရှုခြင်းအားဖြင့် အထင်ကြီးလေးစားမှုကို ရရှိစေမည်ဖြစ်ကြောင်း၊ မြန်မာ့ ယဉ်ကျေးမှု၊ မြန်မာတို့၏ ဘုန်းတန်ခိုးကြီးမားခဲ့သည့် သမိုင်းဖြစ်ရပ်များကို မြင်တွေ့ခံစားနိုင်မည်ဖြစ်ကြောင်း၊ လူငယ်လူရွယ်များအနေဖြင့်လည်း ပြတိုက်သို့ လာရောက်လေ့လာခြင်းအားဖြင့် သမိုင်း၏ တန်ဖိုးကို နားလည်လာမည်ဖြစ်ပြီး တိုင်းချစ်ပြည်ချစ်စိတ်များ၊ အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ထိန်းလိုစိတ်များ ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတ သည် အမျိုးသားပြတိုက်(ရန်ကုန်) မြေညီထပ်ရှိ သီဟာသနပလ္လင် ပြခန်းအတွင်း ပလ္လင်တော်များနှင့် အသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှု၊ ရတနာပုံ ခေတ်ပြခန်းအတွင်း မန္တလေး မြနန်းစံကျော်ရွှေနန်းတော်ပုံစံငယ်များ၊ နန်းတွင်းပရိဘောဂများ၊   ဘုရင်၊ မိဖုရား၊ ဝန်ကြီး၊ စစ်သူကြီး တို့၏ နန်းတွင်းအဝတ်အစားများ၊ နန်းသုံး အဆင်တန်ဆာများနှင့် အသုံးအဆောင်ပစ္စည်းများ၊ ဓာတ်ပုံ နှင့် ပန်းချီကားများ ခင်းကျင်းပြသထားရှိမှု၊ မြန်မာအက္ခရာနှင့် လက်ရေးမူပြခန်းအတွင်း မြန်မာ အက္ခရာများ အဆင့်ဆင့်ပြောင်းလဲ လာမှုဇယား၊ မြန်မာဗျည်း၊ သရနှင့် ဂဏန်းတို့အား ခေတ်အဆက်ဆက် မှ လက်ရေးမူပါ အထောက်အထားများ ခင်းကျင်းပြသထားရှိမှု၊ ပြတိုက် ပထမထပ်ရှိ သဘာဝ သမိုင်းနှင့် မြန်မာ့သမိုင်းမတင်မီ ခေတ် ပြခန်းအတွင်း ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ပုံတောင် ကျောက်လွှာစုမှ ကျောက်ဖြစ် ရုပ်ကြွင်းနှင့် ဧရာဝတီကျောက်လွှာ စုမှ ကျောက်ဖြစ်ရုပ်ကြွင်းများ၊ သမိုင်းမတင်မီ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ဆိုင်ရာ သမိုင်း အထောက်အထားများ ခင်းကျင်းပြသထားရှိမှု၊ မင်းခမ်း တော်ပစ္စည်းများ ပြခန်းအတွင်း လက်ယာ၊ လက်ဝဲ မင်းခမ်းတော် ပစ္စည်းများ၊ မင်းခမ်းတော်မဟုတ် သည့်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှု၊ မြန်မာ့မြို့ပြယဉ်ကျေးမှု ပြခန်းအတွင်း အန္တကူဗုဒ္ဓရုပ်ကြွများ၊ မြေမီးဖုတ်အုတ်ခွက်ဘုရား များ၊ တန်ဆာဆင်ထားသော အင်္ဂတေပန်းတန်းများ၊ နံရံဆေးရေး ပန်းချီပုံစံတူလက်ရာများ၊ ပုဂံရှိ စေတီများ၏ ဓာတ်ပုံများနှင့် ပန်းချီကားများ၊ အေဒီ ၁၀ ရာစုမှ ၁၃ ရာစုအတွင်း ကျောက်စာများ ၏ မင်ကူးများ၊ ပင်းယခေတ်မှ ကုန်းဘောင်ခေတ်အထိ ထွန်းကား ခဲ့သော လက်ရာပစ္စည်းများ ခင်းကျင်း ပြသထားရှိမှုတို့ကို ပြကွက် တစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လိုက်လံ ကြည့်ရှုခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

 

ရှင်းလင်း တင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ယခုကဲ့သို့ အမျိုးသားပြတိုက်၌ သမိုင်းကြောင်းဆိုင်ရာများကို လေ့လာ ကြည့်ရှုခြင်းအားဖြင့် မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားမှု၊ အဆင့်အတန်းမြင့်မားပြီး ကြွယ်ဝသည့်ယဉ်ကျေးမှုအမွေအနှစ်များနှင့် မြန်မာတိုင်းရင်းသားတို့၏ စွမ်းဆောင်ချက်များကို သိရှိနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ရှည်လျားသည့် သမိုင်းစဉ်အဆက် ဆက်ကိုလေ့လာနိုင်ခြင်း၊ ဘိုးဘေးများ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်လိုစိတ် ဖြစ်ပေါ်လာစေခြင်းနှင့် မြန်မာ နိုင်ငံသားများအဖြစ် ဂုဏ်ယူ တတ်လာစေခြင်း တို့ကိုလည်း ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း၊ တန်ဖိုးဖြတ်၍မရနိုင်သည့် သမိုင်းကြောင်း အထောက်အထားများ ဖြစ်သည့်အတွက် ပျက်စီးယိုယွင်းမှုများ မဖြစ်ပေါ်စေရေးနှင့် လာရောက် ကြည့်ရှုလေ့လာကြ သူများအနေဖြင့်လည်း စည်းကမ်း တကျဖြင့် လေ့လာနိုင်ရေးကြပ်မတ် ထိန်းသိမ်း ပြသသွားကြရန်လို ကြောင်း၊ ရှေးဟောင်းအမွေအနှစ် ပစ္စည်းများအား လာရောက်လှူဒါန်း ကြသည့် အလှူရှင်များ၏ အမည်များနှင့် အချက်အလက်များကိုလည်း ဖော်ပြထားရှိရန်လိုကြောင်း၊ အချို့သော ဓာတ်ပုံမှတ်တမ်းများ၊ စာရွက်စာတမ်းများအား နည်းပညာအသုံးပြု၍ ယခုထက် ကြည်လင် ပြတ်သားမှုရှိအောင် ဆောင်ရွက်ပြီး ပြသထားရှိရန် လိုကြောင်း၊ ရဟန်းရှင်လူပြည်သူများ၊ ကျောင်းသား ကျောင်းသူများ၊ နိုင်ငံခြားသားများ၊ သမိုင်း လေ့လာလိုက်စားသူ သုတေသီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဝန်ထမ်းများအနေဖြင့် လာရောက် လေ့လာကြရာတွင် သမိုင်းကြောင်း အထောက်အထားများအား လွယ်ကူရှင်းလင်းစွာနှင့် အချက်အလက် ပြည့်ပြည့်စုံစုံ သိရှိနိုင်ရေး စနစ်တကျရေးသားရှင်းလင်းဖော်ပြထားရှိရန် လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတ သည် အမျိုးသားပြတိုက်(ရန်ကုန်)ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် အမှတ်တရလက်မှတ်ရေးထိုးပြီး ပြတိုက်ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံ ရယူခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်