ဇူလိုင် ၂၈
ဂျပန်နိုင်ငံ ကူမာမိုတိုစီရင်စုတွင် ယနေ့ ပြင်းအား ၇ ဒသမ ၁ ပမာဏရှိသော ငလျင်လှုပ်ခတ်ပြီးနောက် နိုင်ငံ အနောက်တောင်ပိုင်းတွင် နောက်ဆက်တွဲငလျင် ၁၀ ခုကျော် ဆက်လက်လှုပ်ခတ်ခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က ပြောကြားခဲ့သည်။
ကူမာမိုတိုစီရင်စု၌ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၂၇ မိနစ်ခန့်တွင် ပြင်းအား ၆ ဒသမ ၁ ရှိသော ငလျင်လှုပ်ခတ်ပြီးနောက် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၂၀ မိနစ်အထိ ပြင်းအား ၆ ဒသမ ၁ ရှိသော ငလျင်အပါအဝင် နောက်ဆက်တွဲငလျင် ၁၅ ခု လှုပ်ခတ်ခဲ့သည်ဟု မိုးလေဝသအေဂျင်စီက ဆိုသည်။
အဆိုပါငလျင်လှုပ်ခတ်ပြီးနောက် ကျူရှူးဒေသရှိ ရှင်ကန်ဆန်ကျည်ဆန်ရထားနှင့် ဒေသတွင်းရထားများအပါအဝင် ရထားဝန်ဆောင်မှုများအားလုံးကို ရပ်ဆိုင်းထားကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့သည်။
နျူကလီးယားဓာတ်အားပေးစက်ရုံများတွင် မူမမှန်မှုများ တွေ့ရှိခြင်းမရှိကြောင်း ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် နိုတိုကျွန်းဆွယ်ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ငလျင်ပြင်းအား ၇ မှတ်တမ်းတင်ခံရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟုသိရသည်။ ၂၀၁၆ ခုနှစ် ကူမာမိုတိုငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ကူမာမိုတိုစီရင်စုတွင် ငလျင်ပြင်းအား ၇ မှတ်တမ်းတင်ခံရခြင်းသည်လည်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဖော်ပြထားသည်။
နိုင်ငံအနောက်တောင်ပိုင်းရှိ အာရီအာကီပင်လယ်နှင့် ယာဆုရှီရိုပင်လယ်အတွက် တစ်မီတာအမြင့်ရှိ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


