မိုင်းဆတ် ၅ မေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ မိုင်းဆတ်-တာချီလိတ်ကားလမ်း၊ လွယ်ဆမ်ဆုံတောင်အဆင်း၌ မေ ၄ ရက် ညနေ ၅ နာရီ ၄၅ မိနစ်က ယာဉ်တိမ်းမှောက်ပြီး နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုင်းဆတ်မြို့နယ်၊ ဝမ်နောင်ကျေးရွာအုပ်စု၊ ဖားဟကျေးရွာနေ ယာဉ်မောင်း ဦစိန်ဝင်း၊ မောင်းနှင်လာသော အဖြူရောင်မော်တော်ယာဉ်သည် လွယ်ဆမ်ဆုံတောင်အဆင်း၌ အရှိန်မထိန်းနိုင်ဘဲ ကားလမ်းဘေးညာဘက်ရှိ မြေသားနံရံကို တိုက်မိကာတိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာ သူ(၇)ဦးအနက် ဒေါ်တင်တင်စန်းသည် မျက်နှာညိုမဲဖူးရောင်ပွန်းပဲ့ဒဏ်ရာ၊ ညာဒူးဆစ်ပေါက်ပြဲ အရိုးထွက်ဒဏ်ရာ၊ ဒေါ်ဇာနည်ဝင်း၊ သည် ဝဲပါးဖူးရောင်ဒဏ်ရာ၊ ညာဒူးဆစ်အပေါ် ပေါက်ပြဲဒဏ်ရာ၊ ခြေသလုံးနှစ်ဖက်တွင် ပွန်းပဲ့ဒဏ်ရာ၊ ဦးထွန်းမင်းလတ်(ခ) အားကြီးသည် ညာလက်ကောက်ဝတ် ဖူးရောင်ဒဏ်ရာ၊ မျက်နှာပွန်းပဲ့ ဒဏ်ရာနှင့် ခါးနာဒဏ်ရာများရရှိခဲ့သဖြင့် မိုင်းဆတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ဒေါ်တင်တင်စန်းနှင့် ဒေါ်ဇာနည်ဝင်းတို့ (၂)ဦးသည် လမ်းခရီးတွင် သေဆုံးသွားသည်။
သို့ဖြစ်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ဦးစိန်ဝင်းအား မိုင်းတွမ်းနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
သန်းဇော်(မိုင်းဆတ်)


