ဘားအံ ၅ မေ
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအချို့တွင် ရာသီဥတု ပူပြင်းသည့်အတွက် ရေတွင်း ရေကန်များ ခန်းခြောက်ပြီး သောက်ရေသုံးရေများ ရှားပါးမှုနှင့် ရင်ဆိုင်ကြုံတွေနေကြရသည့်အတွက် မေလ ၄ ရက်နေ့ မွန်းလွဲပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရေရှားပါးမှုဖြစ်ပေါ်နေသော အီဟယ်ကျေးရွာအုပ်စုသို့ သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အီဟယ်ကျေးရွာအုပ်စုသည် သံလွင်မြစ်နှင့် ဒုံသမိမြစ်ကြားတွင် တည်ရှိပြီး ဘားအံမြို့နှင့် ၃၅ မိုင်ခန့် ကွာဝေးကာ ရေရှားပါးမှုကြုံတွေ့နေရပုံကို အီဟယ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောချစ်ဝင်းက ῝တပေါင်းလပြည့်ကျော်ကနေ တန်ခူးလ တစ်လလုံးရေရှားတယ်၊ တပေါင်းလပြည့်ကျော်တာနဲ့ ရွာမှာရှိတဲ့ရေတွင်းတွေ ရေခန်းကုန်လို့ စတင်ပြီးတော့ ရေရှားတော့တာဘဲ၊ ရွာမှာရှိတဲ့ရေတွင်း ၁၆ တွင်းမှာ ၁၃ တွင်း ရေခန်းပြီးတော့ အနိမ့်ပိုင်းမှာရှိတဲ့ရေတွင်း ၃ တွင်းဘဲ ရေနဲနဲကျန်တယ် အဲဒီတွင်းတွေလည်း နင်ခပ်ငါခပ်နဲ့ လုခပ်နေကြတော့ အဆင်မပြေဘူး၊ ကဆုန်လ မိုးရွာမှန်မှ ရေတွင်းကရေတွေပြန်ရတာပေါ့၊ ရေရှားနေတဲ့အချိန်မှာ အခုလို အစိုးရအဖွဲ့ကဦးဆောင်ပြီး ရေလာလှူပေးတဲ့အတွက် ရွာသူ/ရွာသားတွေလည်း ဝမ်းသာကြတယ်၊ ကျေးဇူးလည်းအထူးပဲတင်ပါတယ်῍ ဟု ပြောသည်။
ယခုကဲ့သို့ သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခြင်းသည် ရေရှားပါးမှုပြဿနာကို လက်တလောဖြေရှင်း ပေးချင်းသာဖြစ်ပြီး ရေရှည်အနေဖြင့် စီမံခန့်ခွဲဆောင်ရွက်ရန် လိုအပ်ပုံကို ဘားအံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဝင်းက ῝ကျန်းမာရေးနဲ့ညီညွတ်ပြီး သန့်ရှင်းသော သောက်သုံးရေကို လုံလောက်စွာရရှိနိုင်ဖို့အတွက် ကျွန်တော်တို့ ဘားအံမြို့နယ်အတွင်းမှာ ကျေးရွာပေါင်း ၈ ရွာကို အိမ်တိုင်ရာရောက် ရေမီတာသုံး ရေသွယ်တိုင်စနစ်တွေနဲ့ တိုးချဲ့ဆောင်ရွက်နေပါတယ်၊ အခုလက်ရှိ ရေရှားပါးမှုဖြစ်ပေါ်နေတဲ့ ကျေးရွာ တွေမှာလည်း နောင်လာမယ့်နှစ်တွေမှာ အိမ်တိုင်ရာရောက် ရေမီတာသုံး ရေသွယ်တိုင် စနစ်အဆင့်ထိ ရောက်ရှိသွားအောင် တင်ပြဆောင်ရွက်သွားမှာဖြစ်ပါတယ်῍ ဟု ပြောသည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ စေတနာရှင်အလှူရှင်များနှင့် မာဃလူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ အီဟယ်ကျေးရွာအုပ်စုအတွင်းရှိ အိမ်ခြေ ၁၈၀၊ လူဦးရေ ၁၀ဝ၀ ဦးခန့် နေထိုင်သော အီဟယ်လေးကျေးရွာသို့ သောက်သုံးရေ ၂၈၀ဝ ဂါလန်၊ သောက်ရေသန့် ၂၀ လီတာဘူး ၅၀ဝ ဘူး (လီတာ ၁၀ဝ၀ဝ) နှင့် အီဟယ်ရွာကြီးသို့ မြို့မိမြို့ဖ မီးသတ်ရေသယ်ယာဉ် နှစ်စီးဖြင့် သောက်သုံးရေ ၁၆၀ဝ ဂါလံ တို့အား သွားရောက်လှူဒါန်းပေးခဲ့ပြီး ရေရှားပါးသည့် ကျေးရွာ ၅ ရွာသို့ ရေဂါလန် တစ်သောင်းခန့် သွားရောက်လှူဒါန်းပေးခဲ့ပြီဖြစ်ကြောင်းနှင့် လိုအပ်သလိုဆက်လက် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


