ဘားအံ  ၅  မေ 

 

ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုနှင့်အတူ စိုက်ပျိုးရေးကဏ္ဍ၌ ပံ့ပိုးဆောင်ရွက်လျက်ရှိသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် တောင်သူလယ်သမားများ ပူးပေါင်းပါဝင်၍ တောင်သူလယ်သမားများ ဈေးကွက် (Farmer Market) ဖွင့်ပွဲကို မေလ ၄ ရက်နေ့ နံနက် ၇ နာရီက ဘားအံမြို့ ကန်သာယာ(ယာယီညဈေး)၌ ကျင်းပသည်။

 

1.02

 

အဆိုပါ Farmer Market ကို တောင်သူလယ်သမားအစုအဖွဲများအနေဖြင့် GAP စနစ်ကိုအခြေခံ၍ မိမိတို့ စိုက်ပျိုးပြီးထွက်ရှိသော ထုတ်ကုန်များအား အပတ်စဉ် ဈေးကွက်တွင် တစ်နေရာတည်း၌ စုစည်းပြသရောင်းချနိုင်ရန် ရည်ရွယ်ပြီး ရောင်းချခြင်းတစ်ခုတည်းသာမက စိုက်ပျိုးရေးနှင့်ပတ်သက်သော သတင်းအချက်အလက်များဖလှယ်နိုင် ခြင်း၊ ဈေးကွက်၊နည်းပညာ၊သွင်းအားစုများအား ချိတ်ဆက်ပေး၍ ကောင်းမွန်တိုးတက်လာစေခြင်း၊ တောင်သူအချင်းချင်း  အမြင်ဖလှယ်နိုင်ခြင်း၊ သတင်းကွန်ယက်များချိတ်ဆက်လာနိုင်ခြင်း၊ စိုက်ပျိုးရေး၊ဈေးကွက်စီးပွားရေးနှင့်ပတ်သက်သော ဌာန၊ အဖွဲ့အစည်းများနှင့် နည်းပညာအချက်အလက်များ ရယူနိုင်ခြင်း စသောအကျိုးကျေးဇူးများရရှိနိုင်စေရန် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

 

တောင်သူလယ်သမားများဈေးကွက် (Farmer Market) ကို ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦး၊ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းထိုက်၊ စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင့်ဆန်း၊ စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဘိုမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားကာ ခင်းကျင်းပြသထား သော ဟင်းသီးဟင်းရွက်သီးနှံနှင့် ထွက်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)

 

1.05