မန္တလေး ဆန်ဈေးကွက်တွင် ဆန်းကြမ်းဈေးနှုန်းများ မြင့်တက်လာ

မန္တလေး ၂၅  ဇွန်


မန္တလေးဆန် ဈေးကွက်တွင်လည်း ဆန်ကြမ်းဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း မန္တလေးမြို့ ဆန်ကုန်သည် အသိုင်းအဝိုင်းထံမှ သိရသည်။


ဈေးနှုန်းမြင့်တက်ရမှုမှာ ရန်ကုန်ဆန်ဈေးကွက်တွင် ဆန်ကြမ်းတစ်အိတ်လျှင် ငွေကျပ် ၅၀ဝ မှ ၁၀ဝဝ ကြား ဈေးမြင့်တက်နေမှုတို့ကြောင့် မန္တလေးဆန်ဈေးကွက်တွင်လည်း ဆန်ကြမ်းတစ်အိတ်လျှင် ငွေကျပ် ၅၀ဝ ခန့်ထိ ဈေးမြင့်တက်သွားကြောင်း သိရသည်။


"အဓိကကတော့ ရန်ကုန်က ဈေးနှုန်းမြင့်တက်လို့ မန္တလေးလည်း တက်သွားတာပါ။ တစ်ခြားဆန် ဈေးနှုန်းတွေကတော့ ပေါ်ဆန်းဆန်ကလွဲရင် ကျန်တဲ့ ဆန်ကြမ်းတွေ အကုန်ဈေးတက်တယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ငွေကျပ် ၅၀ဝ လောက် ဈေးတက်တယ် " ဟု မန္တလေးမြို့ရှိ ဆန်ကုန်သည် ဦးသိန်းဇော်က ပြောသည်။


လက်ရှိတွင် မန္တလေးမှ ဆန်ဖြန့်ဖြူး ရောင်းချနေသည့် ဖားကန့်၊ မြစ်ကြီးနား၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ် စသည့်နယ် ဒေသများတွင် မိုးရွာသွန်းမှုများပြားနေသည့်အတွက်လည်း မန္တလေး ဆန်ဈေးကွက်တွင် အရောင်းအဝယ် ငြိမ်ကျနေခြင်းဖြစ်ပြီး ရွှေဘိုဘေးကျား ပေါ်ဆန်းဆန်များ ဈေးနှုန်းအပြောင်းအလဲ မရှိကြောင်း သိရသည်။


မန္တလေးဆန်ဈေးကွက်တွင် လက်ရှိ ဆန်ဈေးနှုန်းများမှာ (ပွဲရုံဈေး၊ တစ်တင်းခွဲအိတ်) ရွှေဘိုဘေးကျား ပေါ်ဆန်းတစ်အိတ်လျှင် ငွေကျပ် ၄၆၀ဝဝ၊ ၅၂၀ဝဝ၊ ရန်ကုန် ပေါ်ဆန်းတစ်အိတ်လျှင် ငွေကျပ် ၄၀ဝဝဝ၊ ၄၄၀ဝဝ၊ ပေါ်ကျွဲတစ်အိတ်လျှင် ငွေကျပ် ၃၀ဝဝဝ၊ ၃၂၀ဝဝ၊ ကောက်ညှင်း(အသွယ်)တစ်အိတ်လျှင် ငွေကျပ် ၅၄၀ဝဝ၊ ၅၆၀ဝဝ၊ မဂျမ်းတောတစ်အိတ်လျှင် ငွေကျပ် ၄၁၀ဝဝ၊ ၄၂၀ဝဝ၊ နွေဇီယာတစ်အိတ်လျှင် ငွေကျပ် ၄၁၀ဝဝ၊ ၄၂၅၀ဝ၊ အညာသား တစ်အိတ်လျှင် ငွေကျပ် ၂၄၀ဝဝ၊ ၂၅၀ဝဝ၊ မြီးကောက်တစ်အိတ်လျှင် ငွေကျပ် ၂၇၀ဝဝ၊ ၂၈၀ဝဝ၊ ဖန်သီးမနော်တစ်အိတ်လျှင် ငွေကျပ် ၂၅၀ဝဝ၊ ၂၇၀ဝဝ တို့ဖြစ်ကြောင်း သိရသည်။


သူရိန်လင်း