အလုပ်အကိုင် အခွင့်အလမ်း ၅၉၀ဝ ကျော် ဖန်တီးပေးနိုင်မည့်လုပ်ငန်းများအား ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီ ခွင့်ပြု

ရန်ကုန် ၁၄  သြဂုတ် 


မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၈)ခုနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁)ခုတို့ကို အတည်ပြုပေးခဲ့ပြီး အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၀.၂၃၉ သန်းနှင့် မြန်မာကျပ်ငွေ ၁၆၇၅ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၅၉၆၇)ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေးမှ သိရသည်။


အဆိုပါအစည်းအဝေးကို သြဂုတ် ၁၃ ရက် မွန်းလွဲပိုင်းက ရန်ကင်းမြို့နယ်၊ စိမ်းလဲ့မေလမ်းသွယ်ရှိ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့သည်။


၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၁၉ ဘဏ္ဍာနှစ် သြဂုတ်လ ၁၃ ရက်နေ့ထိ စက်မှု ၊ ဟိုတယ် ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ၊ အိမ်ယာအဆောက်အအုံကဏ္ဍများနှင့် အခြားကဏ္ဍများတွင် တရုတ် ၊ ဂျပန် ၊ စင်ကာပူ ၊ ဟောင်ကောင်နှင့်ထိုင်ဝမ် ၊ ကိုးရီးယား ၊ ဗိယက်နမ် ၊ ထိုင်း ၊ အိန္ဒိယနှင့် မလေးရှားနိုင်ငံတို့မှ ရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၁၃၂ ခု နှင့်မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၁၈ ခု ၊ စုစုပေါင်း ၁၅၀ ခု ၊ အမေရိကန်ဒေါ်လာ ၂၂၈. ၆၄၉ သန်း ၊ မြန်မာကျပ်ငွေ ၃၅၆၅၃. ၉၆၆ သန်း ၊ အလုပ်အကိုင် အခွင့်အလမ်း ၇၈၃၄၂ ဦးတို့အတွက် ဖန်တီးပေးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


ထို့နောက် ဝန်ကြီးချုပ်က သတင်းမီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီးသတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။


အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးမျိုးအောင်ဌေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


ဆန်းကျော်ဦး(ပြန်/ဆက်)

 

1