နာနတ်သီးစိုက်တောင်သူများ ဝယ်လိုအားနည်းပါးမှုကြောင့် ဈေးကောင်းမရဘဲအရှုံးပေါ်

နမ့်ခမ်း ၆ စက်တင်ဘာ


ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကချင်ပြည်နယ်စပ်၊ မြန်မာတရုတ်နယ်စပ်ရှိ နာနတ်သီးစိုက် တောင်သူများသည် ယခင်နှစ်များကဲ့သို့ ဝယ်လိုအားမကောင်းသဖြင့် ဈေးကောင်းမရဘဲ လက်လီဖြင့်သာ ဈေးများတွင် လိုက်လံရောင်းချနေကြရသောကြောင့် အရှုံးပေါ်နေကြကြောင်း သိရသည်။
 

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်နှင့် ကချင်ပြည်နယ် မန်စီမြို့နယ်၊ မန့်ဝိန်းကြီးဒေသ၊ ပန်ခမ်း၊ ကုန်းခမ်း၊ ကွတ်လုံး၊ နားလုံစသည့် ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် နာနတ်သီးကို နှစ်စဉ်စိုက်ပျိုးပြီး ရာသီချိန်တွင် ယခင်နှစ်များက တရုတ်နိုင်ငံ နယ်စပ်ဖြစ်သော နောင်တောင်း၊ ကျင်ဆိုင်၊ ရွှေလီအပါအဝင် နမ့်ခမ်း၊ မူဆယ်၊ မန့်ဝိန်းကြီးဒေသ ပတ်ဝန်းကျင်ဒေသများသို့ သယ်ယူပို့ဆောင်ကြကာ လက်လီလက်ကား ဝယ်ယူသူများပြားသဖြင့် ဈေးကောင်းရပြီး ရောင်းအားလည်း ကောင်းကြသည်။


ယခုနှစ်တွင် မြန်မာ တရုတ် နယ်စပ်ကိုဖြတ်၍ တရုတ်နိုင်ငံနယ်စပ်ဒေသဈေးများသို့ တင်သွင်းပို့ဆောင်ရောင်းချခွင့် မရဘဲ မြန်မာနယ်စပ်ရှိ ဈေးများတွင်သာရောင်းချနေရသောကြောင့် ယခင်နှစ်များကဲ့သို့ ဈေးကောင်းမရကြဘဲ အလုံးကြီးပြီး လှလျှင် သုံးလုံးကိုငွေကျပ်တစ်ထောင်၊ အနည်းငယ်သေးလျှင် ငါးလုံးကိုကျပ်တစ်ထောင်သာ ရရှိကြသည်။


"နာနတ်သီးစိုက်ရင် သုံးနှစ်ကြာမှ အသီးရတယ်၊ တစ်ပင်ကို အသီးတစ်လုံးပဲရတယ်။ အရင်တုန်းက တရုတ်ပြည်ကလည်း ဝယ်တော့ ရောင်းကောင်းကြတယ်။ ဈေးလည်းရတယ်။ ဒီနှစ်ဆိုရင် တရုတ်ပြည်ထဲကိုဝင်ပြီး ရောင်းလို့မရဘူး။ ထော်လာဂျီနဲ့သယ်ဖို့မပြောနဲ့ တောင်းထဲထည့်ပြီး ဆိုင်ကယ်နဲ့သယ်ရင်တောင် ပေးမဝင်ဘူး။ ကိုယ့်နိုင်ငံထဲမှာပဲ ဈေးတွေမှာ လှည့်ပတ်ရောင်းနေရ တယ်။ ဒီနှစ်ကတော့ ရတဲ့ဈေးနဲ့ရောင်းနေရတော့ လုံးဝမကိုက်ဘူး။ စိုက်တဲ့သူတိုင်း ရှုံးကြတယ်" ဟု ပန်ခမ်းရွာမှ နာနတ်သီးစိုက်ပျိုးပြီး နမ့်ခမ်းဈေးတွင် လာရောက်ရောင်းချသူတစ်ဦးက ပြောသည်။ 


အချို့သောဈေးသည်များက နာနတ်ခြံပိုင်ရှင်များထံသို့ သွားရောက်၍ လက်ကားဈေးဖြင့် ဝယ်ယူပြီး လက်လီဈေးဖြင့်သာ တစ်ဆင့်ပြန်လည်ရောင်းချကြသဖြင့် ရောင်းသူများပြားပြီး တစ်လုံးတစ်ခဲဖြင့် လက်ကားရောင်းချရခြင်း မရှိကြကြောင်းသိရသည်။


ဉာဏ်မင်း(နမ့်ခမ်း)