ကြက်ဥ ဘဲဥဆိုတာ လူတိုင်းကြိုက်ကြ၊ စားနေကြ၊ လူတိုင်းနဲ့လည်း တည့်ပြီး အာဟာရရှိတဲ့ အရာတစ်ခုပါ။ ဒီလို အရသာရှိ၊ ကျန်းမာရေးအတွက်လည်း ညီညွတ်တဲ့ ကြက်ဥ ဘဲဥတွေနဲ့ မတည့်တဲ့သူတွေလောက် ကံဆိုးတဲ့သူမရှိပါဘူး။
ဘယ်သူတွေမှာ ပိုဖြစ်တာလဲ။ ။
ကြက်ဥဘဲဥနဲ့ ဓါတ်မတည့်တဲ့ ပြဿနာဟာ ကလေးတွေ မှာ အများဆုံးဖြစ်တဲ့ ပြဿနာတစ်ခုပါ။
ကြက်ဥဘဲဥနဲ့ ဓါတ်မတည့်တာရဲ့ လက္ခဏာတွေက ဘာတွေလဲ ။ ။
• ကြက်ဥစားပြီးပြီးချင်းမှာ ဖြစ်တတ်တဲ့ မပြင်းထန်တဲ့ လက္ခဏာတွေကတော့ အင်ပြင်တွေ ထွက်လာမယ်
• နှာတွေမွန်ပြီး နှာစေး၊နှာရည်ယိုတာတွေဖြစ်လာမယ်
• ဗိုက်အောင့်မယ်
• ပျို့အန်တာတွေဖြစ်မယ်
• ချောင်းဆိုးပြီး အသက်ရှူမဝတော့တာမျိုး ၊ရင်ဘတ်ပေါ်တစ်ခုခု ဖိထားလို့ အသက်ရှူကြပ်နေတာမျိုးတွေဟာ ကြက်ဥ၊ဘဲဥ နဲ့ ဓါတ်မတည့်တာရဲ့ လက္ခဏာတွေပါ။
anaphylaxis လို့ခေါ်တဲ့ အသက်ဆုံးရှုံးရလောက်တဲ့အထိ ပြင်းထန်တဲ့ ဓါတ်မတည့်မှုတွေလည်း ဖြစ်တတ်ပါသေးတယ်။ အသက်ဆုံးရှုံးရလောက်တဲ့အထိ ပြင်းထန်ပြီးတော့ ချက်ချင်း ဆေးကုသမှု ခံယူဖို့လိုအပ်ပါတယ်။ ဒီ anaphylaxis Shock ရဲ့ လက္ခဏာတွေကတော့
• အသက်ရှူလမ်းကြောင်းပိတ်သွားပြီး အသက်ရှူရခက်ခြင်း
• ဗိုက်အောင့် ဗိုက်နာဖြစ်ခြင်း
• သွေးခုန်နှုန်းတွေ မြန်နေခြင်း
• သွေးပေါင်ထိုးကျသွားပြီး ချာချာလည်အောင် မူးနေခြင်း
• သတိလစ်သွားခြင်း တို့ဖြစ်ပါတယ်။ ကြက်ဥ ဘဲဥတို့နဲ့ ဓါတ်မတည့်ခြင်း ။ ။
ကြက်ဥ၊ ဘဲဥနဲ့ ဓါတ်မတည်ခြင်းကိုဘယ်လိုကုသ ပါသလဲ ။ ။
မပြင်းထန်တဲ့ ဓါတ်မတည့်ခြင်းတွေ အတွက်ကတော့ ဓါတ်မတည့်တာတွေကို သက်သာစေတဲ့ ဘာမီတွန်တို့ ၊ antihistamine အုပ်စုဝင် ဆေးတွေ သောက်လိုက်လို့ရပါတယ်။
ပြင်းထန် ဓါတ်မတည့်ခြင်းဖြစ်တဲ့ anaphylaxis Shock သာဖြစ်ခဲ့ရင်တော့ ဆရာဝန်ဆီ ချက်ချင်းသွားပြီး epinephrine ဆေး ထိုးရမှာ ဖြစ်ပါတယ်။
ကြက်ဥ၊ ဘဲဥနဲ့ ဓါတ်မတည့်တဲ့ကလေး အိမ်မှာရှိရင် ဘယ်လို ပြုစုရမလဲ ။ ။
ဓါတ်မတည့်ဘူးဆိုတာ သိနေမှတော့ အကောင်းဆုံးက ကြက်ဥ ဘဲဥတွေ ကလေးမစားမိစေဖို့ပဲ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကလေးစားတဲ့ သရေစာတွေ၊ မုန့်တွေ အစားအသောက်တွေထဲမှာ ကြက်ဥနဲ့ လုပ်ထားတာတွေ မပါမိစေဖို့ မေမေတို့ဘက်က အထူး သတိထား ပေးရမှာဖြစ်ပါတယ်။
ရေးသားသူ Dr. Thin Yadanar @ Francesဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”