ရန်ကုန် ၆ မတ်
(၁၉) ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဆပ်ကော်မတီ အစည်းအဝေး (19th)ASEAN – COCI Subcommittee on Information Meeting ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီ တွင် ရန်ကုန်မြို့ တာမွေမြို့နယ် ရှိ Sky Star Hotel ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့် ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဌများ ၊ အမြဲတမ်းအတွင်းဝန်များ ၊ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားကို အာဆီယံသီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ကျောင်းသူလေးများက တို့အာဆီယံနှင့် ထာဝရမြန်မာ တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသည်။
အစည်းအဝေးတွင် အာဆီယံ ထိပ်သီးအစည်းအဝေးများနှင့် မဏ္ဍိုင်အသီးသီးရှိ အစည်းအဝေးများမှ ပြန်ကြားရေး ကဏ္ဍဆိုင်ရာ ဆုံးဖြတ်ချက်များ လက်ရှိပြန်ကြားရေး ကဏ္ဍဆိုင်ရာ လုပ်ငန်းစဉ်များအပေါ် သုံးသပ်ဆွေးနွေးခြင်း၊ ရှေ့လုပ်ငန်းစဉ်များအတွက် ဘတ်ဂျက်လျာထားခြင်း ၊ အာဆီယံယဉ်ကျေးမှု ရံပုံငွေ ( ASEAN Cultural Fund ) သုံးစွဲမှု ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အကြိမ်(၂၀)မြောက် SCI Meeting ကျင်းပမည့်နိုင်ငံ ရွေးချယ်အတည်ပြုခြင်းများကို ဆွေးနွေးသွားကြမည်ကြောင်း သိရသည်။
(သတင်းစဉ်)