နေပြည်တော် ၂ဝ ဧပြီ
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်၍ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရန် ပြည်ပသို့ တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်း အလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းအလုပ်အကိုင် ရရှိရေးကို ဦးစားပေး ဆောင်ရွက်ပေးခဲ့ပြီး သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမား လုံလောက်စွာ ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေး ရုံးများတွင် Labour Exchange Management System ဖြင့် Online မှ ဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်း ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အလုပ်ရရှိမှုအနေဖြင့် အစိုးရအလုပ်အကိုင် ၃၉၉ ဦး၊ ပုဂ္ဂလိက အလုပ်အကိုင် ၂၄၅၀၈ ဦး စုစုပေါင်း ၂၄၉၀၇ ဦးကို အလုပ်အကိုင်များ ရှာဖွေပေးနိုင်ခဲ့သည်။
၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်း နိုင်ငံအလိုက် ပြည်ပအလုပ်အကိုင် ရရှိမှုအနေဖြင့် မလေးရှားသို့ ၂၀၈၃ ဦး၊ စင်ကာပူသို့ ၈ ဦး၊ ကိုရီးယားသို့ ၁၈၈ ဦး၊ ထိုင်းသို့ ၁၂၆၉၄ ဦး၊ ဂျပန်သို့ ၆၅၅ ဦး၊ ယူအေအီးသို့ ၁၀၊ ဂျော်ဒန်သို့ ၆၂ ဦး စုစုပေါင်း ၁၅၇၀၀ ကို အလုပ်အကိုင် ရှာဖွေပေးနိုင်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)