ဗန်းမော် ၂၈ မေ
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် မိုးရာသီကာလအတွင်း ရောက်ရှိလာ၍ မိုးရွာသွန်းပြီး ဧရာဝတီမြစ်ရေ မြင့်တက်လာကာ မေ ၂၈ ရက်နေ့တွင် ရွှေဗန်းမော်ဆိပ်ကမ်း၌ ကုန်တင်သင်္ဘောများ ဆိုက်ကပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ရွှေဗန်းမော်ဆိပ်ကမ်းသည် နွေရာသီကာလတွင် ဧရာဝတီမြစ်ရေ လျော့ကျခြင်းကြောင့် ကုန်တင်သင်္ဘောကြီးများ ဆိပ်ကမ်းအနီးသို့ ဆိုက်ကပ်နိုင်ခြင်းမရှိဘဲ ကုန်ပစ္စည်းများကို ရှပ်ပြေးရေယာဉ်များဖြင့် ရွှေဗန်းမော်ဆိပ်ကမ်းမှတစ်ဆင့် တင်ဆောင်ပြုလုပ် ကြရပြီး ယခုအချိန်တွင် မြစ်ရေမြင့်တက်လာမှုကြောင့် ကုန်တင်သင်္ဘောများသွား လာရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
အဆိုပါဧရာဝတီမြစ်ရေ မြင့်တက်မှုကို မေ ၂၈ ရက် နံနက် ၆ နာရီ ၃ဝ မိနစ်တွင် တိုင်းတာရရှိသော မြစ်ရေအမှတ် (၇၉၇)စင်တီမီတာရှိပြီး ဗန်းမော်မြို့၏ စိုးရိမ်ရေအမှတ်က (၁၁၅ဝ)စင်တီမီတာဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)


