ပျော်ဘွယ်ကြီးဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အားများ စတင်ဖြန့်ဖြူးပေးလျက်ရှိ

 
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ပျော်ဘွယ်ကြီးကျေးရွာတွင် တည်ဆောက်ပြီးစီးခဲ့သည့် ၃၃/၁၁-၆.၆ KV 5MVA  ဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အားများ ဒီဇင်ဘာ ၈ ရက် ညနေပိုင်းမှ စတင်၍ ကျေးရွာပေါင်း ၄၄ ရွာသို့ ဖြန့်လွှတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။
 
 
အဆိုပါလျှပ်စစ်ဓတ်အားပေးခွဲရုံအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပျော်ဘွယ်ကြီးကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာနေ ပြည်သူများ လျှပ်စစ်ဗို့အား ပြည့်ဝစွာ သုံးစွဲနိုင်ရေးနှင့် ကျေးလက်နေပြည်သူတို့၏ လူနေမှုဘဝ မြင့်မားလာစေရန် ရည်ရွယ် ၍ ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
 
 
လှိုင်သာယာမြို့နယ် ကနောင်ခွဲရုံမှ လျှပ်စစ်ဓာတ်အားများအား ဒလမြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံသို့ သွယ်တန်းရယူပြီး မြို့နယ်ခွဲရုံအတွင်းရှိ 15+5 MVA  ထရန်စဖော်မာ နှစ်လုံးဖြင့် တစ်မြို့နယ်လုံးသို့ ဖြန့်ဝေပေးသည့်အတွက် လျှပ်စစ်ဗို့အား ကျဆင်းမှုများ ဖြစ်ပေါ်နေရကြောင်း၊ ယခုတည်ဆောက်ပြီးစီးခဲ့သည့် ပျော်ဘွယ်ကြီးကျေးရွာ လျှပ်စစ် ဓာတ်အားခွဲရုံမှကျေးရွာပေါင်း ၄၄ ရွာသို့ လျှပ်စစ် ဓာတ်အား ဖြန့်လွှတ်ပေးနေသည့်အတွက် ဗို့အားပြည့်ဝစွာ သုံးစွဲနေရကြောင်းလည်း သိရသည်။
 
 
ပျော်ဘွယ်ကြီးကျေးရွာ ဓာတ်အားပေးခွဲရုံနှင့် ဓာတ်အားလိုင်းတည်ဆောက်ခြင်း ဆက်စပ်လုပ်ငန်း များအတွက် ငွေကျပ်  ၈၃၇၃၆၂၉၈၆ ကုန်ကျကြောင်း သိရသည်။
 
 
မောင်ယဉ်ဦး(ဒလ)